CNI International News
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၄
မက္ကဆီကို စစ်တပ်၏ စစ်ဆင်ရေးအတွင်း အင်အားကြီးမားသည့် ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း (Jalisco New Generation Cartel) ၏ ခေါင်းဆောင် အသတ်ခံလိုက်ရပြီးနောက် နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ပြည်နယ် အတော်များများတွင် ကျောင်းများကို ပိတ်ထားရပြီး ဒေသခံများနှင့် နိုင်ငံခြားသားများ အနေဖြင့် အိမ်ပြင် မထွက်ကြရန် သက်ဆိုင်ရာ အစိုးရများက သတိပေးချက်များ ထုတ်ပြန်ထားသည်။
အယ်လ်မန်ချို (El Mencho) ဟု လူသိများသည့် နီမီစီယို ရူဘင် အိုစီဂူအဲရာ ဆာဗားတေး (Nemesio Rubén Oseguera Cervantes) သည် မက္ကဆီကိုတွင် အလျင်မြန်ဆုံး အင်အားကြီးထွားလာသည့် မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ထိုဂိုဏ်းသည် အမေရိကန်နိုင်ငံသို့ ဖန်တနိုင်းလ်၊ မက်သာဖက်တမင်းနှင့် ကိုကင်းများ မှောင်ခိုတင်ပို့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ၎င်းတို့ကို ပစ်မှတ်ထားသည့် အစိုးရတာဝန်ရှိသူများကိုလည်း လက်ရဲဇက်ရဲ ပြန်လည် တိုက်ခိုက်လေ့ရှိသည်။

သေဆုံးသွားတဲ့ မူးယစ်ခေါင်းဆောင် အယ်လ်မန်ချိုကို တွေ့ရစဉ်
မက္ကဆီကို စစ်တပ်က အယ်လ်မန်ချို၏ ဇာတိမြေဖြစ်သည့် ဂျာလစ်စကိုပြည်နယ်တွင် ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းချိန်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အယ်လ်မန်ချို သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းသေဆုံးမှုကို တုန့်ပြန်သည့် အနေဖြင့် ၎င်း၏ မူးယစ်ေးဆးဝါး ဂိုဏ်းဝင်များသည် နိုင်ငံတစ်ဝန်းရှိ လမ်းမများကို ပိတ်ဆို့ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ခြင်း စသည့် အကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က ပြည်သူများအနေဖြင့် တည်ငြိမ်စွာ နေထိုင် ကြရန် တိုက်တွန်းခဲ့သည်။
ထို့နောက် ပြည်နယ်ပေါင်း ၂၀ ကျော်တွင် မူးယစ်ဂိုဏ်းဝင်များ ပိတ်ဆို့ထားသည့် အတားအဆီး ၂၅၀ ကျော်အနက် အများစုကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းတွင် ကြေညာခဲ့ သည်။

မက္ကဆီကိုနိုင်ငံအတွင်း အကြမ်းဖက်မှုများ ဖြစ်နေစဉ်
အယ်လ်မန်ချိုအား ဖမ်းဆီးသည့် စစ်ဆင်ရေးတွင် အမေရိကန်က ထောက်လှမ်းရေးသတင်းများ ကူညီပေးခဲ့ ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပြီး၊ နှစ်နိုင်ငံလုံး၏ အလိုအရှိဆုံး ရာဇဝတ်သမားများ စာရင်းတွင် ပါဝင်သူကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့်အတွက် မက္ကဆီကိုစစ်တပ်ကို ချီးကျူးခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဖန်တနိုင်းလ် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းချုပ် သေဆုံးသွားခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ၏ ဖိအားပေးမှုများ လျော့ကျသွားလိမ့်မည်ဟု မက္ကဆီကိုက မျှော်လင့် ထားသည်။
လက်ရှိတွင် မူးယစ်ဂိုဏ်းဝင်များ၏ တုန့်ပြန် တိုက်ခိုက်မှုများကို စိုးရိမ်စွာ စောင့်ကြည့်နေရသဖြင့် မက္ကဆီကို နိုင်ငံတစ်ဝန်းရှိ ဒေသခံများသည် အိမ်ပြင်မထွက်ဘဲ သတိကြီးစွာ နေထိုင်လျက်ရှိသည်။
Source: အေပီ
