CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၄
မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ ညီလာခံ ကျင်းပသည့် စတုတ္ထမြောက်နေ့ဖြစ်သော ဖေဖော်ဝါရီ ၂၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ကို ပါတီ၏ အထွေထွေအတွင်းရေးမှူး ချုပ်အဖြစ် ထပ်မံရွေးချယ် တင်မြှောက်ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ကင်မ်၏ ဦးဆောင်မှုအောက်တွင် နျူကလီးယား အင်အားစုကို ဗဟိုပြုသည့် စစ်ပွဲတားဆီး နိုင်သော စွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ယခုနှစ်တွင် ကျင်းပသည့် ပါတီညီလာခံ၌ နိုင်ငံ၏ နျူကလီးယားလက်နက် အစီအစဉ်နှင့် ပတ်သက်ပြီး နောက် ထပ် လုပ်ဆောင်မည့် အဆင့်များကို ထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်း ကင်မ်က အစောပိုင်း၌ ပြောကြားခဲ့ သည်။
ထို့ပြင် ပါတီညီလာခံမှ ဗဟိုကော်မတီဝင်များကို ရွေးချယ်ခဲ့ပြီး ပါတီစည်းမျဉ်းဆိုင်ရာ ပြင်ဆင်ချက်များကိုလည်း အတည်ပြုခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပြင်ဆင်ချက်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြား ခြင်း မရှိပေ။

မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ ကျင်းပနေစဉ်
၅ နှစ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသည့် အလုပ်သမားပါတီ ညီလာခံသည် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများမှအစ စစ်ရေး စီမံချက်များအထိ မြောက်ကိုရီးယားနိုင်ငံ၏ လုပ်ငန်းဆောင်တာ အလုံးစုံကို လမ်းညွှန်မှုပေးသည့် ညီလာခံဖြစ်သည်။
ကင်မ်မိသားစု ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ယခုအကြိမ်သည် အလုပ်သမားပါတီ ညီလာခံကို (၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
ထိုညီလာခံကို ဖခင်ဖြစ်သူ ကင်မ်ဂျုံအီ (Kim Jong Il) လက်ထက်တွင် ရပ်နားထားခဲ့သော်လည်း သားဖြစ်သူ ကင်မ်ဂျုံအန်က ၂၀၁၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံကမူ မြောက်ကိုရီးယားအစိုးရ၏ ပြည်တွင်းနှင့် ပြည်ပမူဝါဒ အပြောင်းအလဲဆိုင်ရာ အရိပ်အယောင်များကို သိရှိနိုင်ရန်အတွက် ညီလာခံကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ညီလာခံ အဖွင့်မိန့်ခွန်းတွင်မူ ကင်မ်က ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့ပြီး၊ ပိတ်ဆို့မှုများ ခံထားရချိန်တွင် ရင်ဆိုင်နေရသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
Source: DW
