CNI International News

ဒိုဟာ၊ ဖေဖော်ဝါရီ ၂၄

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် အစ္စရေးနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ဖေဖော်ဝါရီ ၂၂ ရက်၌ အတည်ပြု ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မိုဒီ၏ အစ္စရေးခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အလှည့်အပြောင်းကြီး ဖြစ်စေခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ခရီးစဉ်အပေါ် အခြေခံပြီး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်မည့် ခရီးစဉ်ဖြစ်သည်ဟု လေ့လာ ဆန်းစစ်သူများက မှတ်ချက်ပြုကြသည်။

မိုဒီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကလည်း အစ္စရေးသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို အလှည့် အပြောင်း ဖြစ်စေခဲ့သည်။

မိုဒီ မတိုင်မီ ယခင် အိန္ဒိယဝန်ကြီးချုပ်များသည် အစ္စရေးသို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ဖူးပေ။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

ထို့ပြင် အောက်ခြေအဆင့် အိန္ဒိယသံတမန်များပင်လျှင် အစ္စရေးသို့ သွားရောက်သည့် အခါတိုင်း ပါလက်စတိုင်း နယ်မြေများကိုပါ တစ်ပြိုင်နက်တည်း သွားရောက်လေ့ရှိသည့် အစဉ်အလာရှိခဲ့သည်။

သို့သော် မိုဒီသည် ထိုအစဉ်အလာကို ချိုးဖျက်ခဲ့ပြီး ၂၀၁၇ ခုနှစ်က အစ္စရေးသို့ သွားရောက်သည့် ခရီးစဉ်တွင် ပါလက်စတိုင်း နယ်မြေများသို့ သွားရောက်ခြင်း မရှိခဲ့ပေ။ 

ထို့နောက် ၂၀၁၈ ခုနှစ်က အစ္စရေးသို့ ထပ်မံ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်းတွင်မူ မိုဒီသည် ပါလက်စတိုင်း နယ်မြေသို့ တစ်ကြိမ်သာ သွားရောက်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည်လည်း ၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုခရီးစဉ်သည် အိန္ဒိယသို့ လာရောက်သည့် ပထမဆုံး အစ္စရေးဝန်ကြီးချုပ် တစ်ဦး၏ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၅ ရက်တွင် သွားရောက်မည့် အစ္စရေးခရီးစဉ်အတွင်း မိုဒီသည် အစ္စရေးလွှတ်တော်တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ဂျေရုဆလင် (Jerusalem) မြို့ရှိ နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပွဲအခမ်းအနား တစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း နေတန်ယာဟုက ကြေညာခဲ့သည်။

မိုဒီ၏ ခရီးစဉ်အတွင်း အစ္စရေးနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကြား မကြာသေးမီ နှစ်များ အတွင်းက တည်ဆောက်နိုင်ခဲ့သည့် ဆက်ဆံရေးကို အဓိကထား ဆွေးနွေးသွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးကြား ခင်မင်ရင်းနှီးမှုကို အလေးထား ဖော်ပြခဲ့ပြီး နေတန်ယာဟုက မိုဒီကို ၎င်း၏ မိတ်ဆွေ အရင်းအချာဟု ရည်ညွှန်းပြောဆိုခဲ့ကာ ၎င်းတို့နှစ်ဦးသည် ဖုန်းဖြင့် မကြာခဏ ဆက်သွယ် စကားပြောဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား