CNI International News
ဆိုးလ်၊ ဧပြီ ၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (Kim Jong Un) ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကင်မ် ၏ အရိုက်အရာ ဆက်ခံမည့်သူအဖြစ် လျာထား သတ်မှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ယူဆထားသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမျိုးသားထောက်လှမ်းရေးဌာန(NIS)က ၎င်းတို့၏ သုံးသပ်ချက်သည် စုဆောင်း ရရှိထားသည့် ခိုင်လုံသော ထောက်လှမ်းရေး သတင်းအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဧပြီ ၆ ရက်က တောင်ကိုရီးယားလွှတ်တော်၏ တံခါးပိတ် အစည်းအဝေးတွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
မကြာသေးမီက ကင်မ်၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တင့်ကား မောင်းနှင်နေသည့် ပုံရိပ်များသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို အသားပေး ဖော်ပြရန်နှင့် အမွေဆက်ခံသူအပေါ် သံသယများကို ပျောက်ပြယ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NIS က ပြောကြားခဲ့သည်ဟု အမတ်များက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနသည် ပြီးခဲ့သည့်လက ကင်မ်နှင့် ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲတို့ တင့်ကားအသစ် တစ်စီးကို မောင်းနှင်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျူအဲ စနိုက်ပါ ပစ်နေစဉ်
ထိုဓာတ်ပုံများ မထုတ်ပြန်မီကလည်း ကင်မ်ဂျူအဲသည် သေနတ်ပစ်ကွင်းတွင် ရိုင်ဖယ်သေနတ် ပစ်ခတ်နေသည့် ပုံနှင့် ပစ္စတိုကို ကိုင်တွယ် အသုံးပြုနေသည့် ပုံရိပ်များကို ဖော်ပြခဲ့ဖူးသည်။
ထိုမြင်ကွင်းများသည် ၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလများက ကင်မ်ဂျုံအန်း ကိုယ်တိုင် ၎င်း၏ဖခင်ထံမှ အာဏာ လွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်တွင် ပြုလုပ်ခဲ့သည့် လူသိရှင်ကြား လှုပ်ရှားမှုများကို ပြန်လည်ပုံဖော်ပြသခြင်း ဖြစ်သည်ဟု အာဏာရ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ပတ်ဆွန်းဝမ် (Park Sun-won) က ပြောကြားခဲ့ သည်။
အသက် ၁၃ နှစ်ဝန်းကျင်ရှိပြီဟု ယူဆရသည့် ကင်မ်ဂျူအဲနှင့် ပတ်သက်သော နောက်ဆုံး သုံးသပ်ချက်သည် ၎င်းအား ဖခင်၏ အရိုက်အရာကို ဆက်ခံရန် လေ့ကျင့်ပေးနေဖွယ် ရှိသည်ဆိုသည့် ထောက်လှမ်းရေးအေဂျင်စီ၏ အစောပိုင်း လေ့လာဆန်းစစ်ချက်များထက် ပိုမိုခိုင်မာလာသည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သို့သော် ကင်မ်ဂျူအဲ၏ တင့်ကား မောင်းပြရုံသည့် ဓာတ်ပုံများကို လေ့လာသုံးသပ်ခြင်းဖြင့် ကင်မ်၏ အရိုက်အရာ ဆက်ခံသူအဖြစ် အတည်ပြုရန် မလုံလောက်သေးကြောင်း တောင်ကိုရီးယား၏ အမျိုးသား ပြန်လည်ပေါင်းစည်း ရေး အင်စတီကျူမှ လေ့လာဆန်းစစ်သူ ဟောင်မင်း (Hong Min) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
