CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၆

ပါကစ္စတန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက်သမားများ ပုန်းအောင်းသည့် နေရာများကို အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်သည်။

ပါကစ္စတန်နိုင်ငံပိုင် ရုပ်သံလိုင်း (PTV) ၏ မတ်လ ၁၅ ရက် ထုတ်လွှင့်ချက်တွင် ပါကစ္စတန်စစ်တပ်သည် အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာ (Kandahar) ပြည်နယ်ရှိ နည်းပညာ အထောက်အကူပြု အခြေခံ အဆောက်အအုံတစ်ခုနှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတစ်ခုကို ထိရောက်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အာဖဂန်တာလီဘန်များနှင့် အကြမ်းဖက်သမားများသည် ပါကစ္စတန် အရပ်သားများကို တိုက်ခိုက်ရန် ထိုစစ်စခန်း များအား အသုံးပြုနေခြင်း ဖြစ်သည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။

နောက်ထပ် တိုက်ခိုက်မှု တစ်ခုတွင် ပါကစ္စတန်တပ်ဖွဲ့များသည် အာဖဂန်တာလီဘန်များနှင့် ပါကစ္စတန် တာလီဘန် အဖွဲ့များ၏ နည်းပညာ အသုံးအဆောင်ပစ္စည်းများ ထားရှိရာ ကန်ဒါဟာရှိ ဥမင်လိုဏ်ခေါင်းတစ်ခုကို ထိမှန်အောင် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအနေဖြင့် ပါကစ္စတန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်း ပေးခြင်း မရှိသရွေ့ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

ပါကစ္စတန်- အာဖဂန်နစ္စတန် နယ်မြေကို တွေ့ရစဉ်

ကန်ဒါဟာမြို့၏ အရှေ့တောင်ဘက်ရှိ စပင်ဘိုးလ်ဒက် (Spin Boldak) မြို့တွင် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အရှေ့ဘက်နယ်စပ် ပြည်နယ်ဖြစ်သော ခို့စ် (Khost) ပြည်နယ်တွင်လည်း မတ်လ ၁၄ ရက်ညပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် အာဖဂန်အာဏာပိုင်များက ပြောကြားခဲ့သည်။

တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) ကမူ ပါကစ္စတန်၏ တိုက်ခိုက်မှုများကြောင့် ကန်ဒါဟာရှိ မူးယစ်ဆေးဝါးဖြတ်သည့် ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုနှင့် ကွန်တိန်နာ အလွတ်တစ်လုံး ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ကမူ အာဖဂန်နှင့် ပါကစ္စတန်ကြား အငြင်းပွားမှုများကို အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။

နှစ်ဖက်စလုံး အနေဖြင့် တည်ငြိမ်အေးချမ်းစွာဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အမြန်ဆုံး မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေးကြရန်၊ ချက်ချင်း အပစ်အခတ်ရပ်စဲရန်နှင့် သဘောထား ကွဲလွဲမှုများကို ဆွေးနွေးမှုများမှ တဆင့် ဖြေရှင်းရန် ဝမ်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား