CNI International News
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၄
မက္ကဆီကို မူးယစ်ရာဇာ နီမီစီယို ရူဘင် အိုစီဂူအဲရာ ဆာဗားတေး (Nemesio Rubén Oseguera Cervantes) ၏ လျှို့ဝှက်အချစ်ရေး ဇာတ်လမ်းများနှင့် ပတ်သက်သည့် သတင်းပေးချက် တစ်ခုမှတဆင့် ၎င်းအား နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကို အာဏာပိုင်များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အယ်လ် မန်ချို (El Mencho) ဟု လူသိများသော အိုစီဂူအဲရာကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် အစောပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၆၂ ဦး သေဆုံး ခဲ့သည်။
သေဆုံးသူများတွင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် မူးယစ်ဆေးဝါး ဂိုဏ်းဝင်ဟု ယူဆရသူ ၃၄ ဦး ပါဝင် ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မက္ကဆီကိုသမ္မတ ရှိန်းဘမ်းကို တွေ့ရစဉ်
မူးယစ်ဂိုဏ်းဝင်များက အယ်လ်မန်ချို သေဆုံးမှုကို လက်စားချေသည့် အနေဖြင့် ပြည်နယ် အများအပြားရှိ လမ်းမပေါင်း ၈၀ ကျော်တွင် ကားများကို မီးရှို့ပြီးပိတ်ဆို့ခဲ့ကြသည်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) ကမူ လက်ရှိတွင် အခြေအနေများ ပြန်လည် တည်ငြိမ်လာပြီဖြစ်ပြီး လမ်းပိတ်ဆို့မှုများကိုလည်း ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက် အစောပိုင်း၌ ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ရီကာဒို ထရီဗီလာ (Ricardo Trevilla) ကမူ ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သည့် စစ်ဆင် ရေးတွင် အယ်လ်မန်ချို၏ ချစ်သူ အမျိုးသမီး တစ်ဦးထံမှ ရရှိခဲ့သည့် သတင်းပေးချက်ကြောင့် အယ်လ်မန်ချိုကို ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအမျိုးသမီးထံမှ အယ်လ်မန်ချို၏ တည်နေရာကို သိရှိခဲ့ပြီးနောက် အာဏာပိုင်များသည် ဂျာလစ်စကို (Jalisco) ပြည်နယ်ရှိ ၎င်း၏ စံအိမ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုအတွင်း အယ်လ်မန်ချို၏ ဂိုဏ်းဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားကာ အယ်လ်မန်ချိုသည် ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ပြီး ၎င်းအား ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ချိန် တွင် ရဟတ်ယာဉ်ပေါ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အင်အားကြီးမားသည့် ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း (Jalisco New Generation Cartel) ၏ ခေါင်းဆောင် အယ်လ်မန်ချိုသည် မက္ကဆီကိုနိုင်ငံ၏ ဖမ်းဆီးရန် အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး အမေရိကန်ကလည်း ၎င်းအား ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဒေါ်လာ ၁၅ သန်းချီးမြှင့်ဟု ဆုငွေထုတ်ခဲ့ဖူးသည်။
ထိုစစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့များ ပါဝင်ခြင်း မရှိသော်လည်း ထောက်လှမ်းရေး သတင်းများဖြင့် ကူညီ ပေးခဲ့သည်ဟု မက္ကဆီကိုသမ္မတ ရှိန်းဘမ်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
