CNI International News

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၅

ဗိုလ်ကျစိုးမိုးမှုများကို ဖုံးကွယ်ရန်အတွက် လူ့အခွင့်အရေးဆိုသည့် စကားလုံးကို အသုံးပြုနိုင်မည် မဟုတ်ကြောင်း နှင့် လူ့အခွင့်အရေးတွင် ဆရာတစ်ဆူအဖြစ် ပုံဖမ်းနေသည့် မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi)က ကုလသမဂ္ဂ အစည်းအဝေးတစ်ခု၌ သတိပေးပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ (Geneva) မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အဆင့်မြင့် အစည်းအဝေးတွင် ဝမ်ယိက ဗွီဒီယို ဆက်သွယ်မှုမှတဆင့် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘယ်နိုင်ငံကမှ ကိုယ့်ကိုယ်ကို လူ့အခွင့်အရေး ဆရာကြီးအဖြစ် သတ်မှတ်ဖို့ အရည်အချင်း မရှိပါဘူး။ လူ့အခွင့် အရေးကို ဒီမိုကရေစီကို အလှဆင်ဖို့ ဒါမှမဟုတ် ဗိုလ်ကျစိုးမိုးမှုတွေကို ဖုံးကွယ်ဖို့ အလွဲသုံးစား မပြုလုပ်သင့်ပါဘူး” ဟု ဝမ်က ပြောကြားခဲ့သည်။

ရှင်ကျန်းဒေသက ဝီဂါ ကလေးငယ်ကို တွေ့ရစဉ်

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပါရှိသည့် အခြေခံမူများနှင့် နိုင်ငံတကာ ဥပဒေများသည်သာ လူ့အခွင့်အရေးကို မြှင့်တင်ရေးအတွက် အခြေခံအကျဆုံး အကာအကွယ် တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးဆိုသည့် စည်းမျဉ်းအား အတူတကွ ထိန်းသိမ်းကြရန်နှင့် လူ့အခွင့်အရေးကို အကြောင်းပြပြီး လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံးနေသည့် မည်သည့် လုပ်ရပ်ကိုမဆို ငြင်းပယ်ကြရန် ဝမ်က တိုက်တွန်းခဲ့သည်။

နိုင်ငံအားလုံး တန်းတူညီမျှ ပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ ရရှိစေရေးအတွက် ကမ္ဘာ့တောင်ခြမ်း နိုင်ငံများ၏ တောင်းဆိုချက်များကို နားထောင်ရန် အရေးကြီးကြောင်း၊ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိရေးနှင့် အားလုံးပါဝင်နိုင်သော အုပ်ချုပ်မှုစနစ်တစ်ရပ် ဖော်ဆောင်ရေး တို့ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်ဘက်စွန်းရှိ ရှင်ကျန်း ဝီဂါ (Xinjiang Uygur) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် တရုတ်နှင့် အနောက်နိုင်ငံများကြား ကာလကြာရှည် ဆက်ဆံရေး တင်းမာခဲ့သည်။

ရှင်ကျန်းဒေသက ဝီဂါလူမျိုးများကို တွေ့ရစဉ်

တရုတ်အစိုးရသည် ရှင်ကျန်းဒေသရှိ ဝီဂါ လူနည်းစုများအပေါ် အတင်းအဓမ္မ စေခိုင်းမှုများ လုပ်ဆောင်နေပြီး ဝီဂါလူမျိုးများ၏ ယဉ်ကျေးမှုများကို ဖိနှိပ်ဖြိုခွဲနေသည်ဟု အမေရိကန်၊ ဥရောပနှင့် အခြားနိုင်ငံများက စွပ်စွဲခဲ့ သည်။

ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်အစိုးရက ထုတ်ပြန်သည့် နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာတွင် တရုတ်အစိုးရ၏ လုပ်ရပ်များကို လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများအဖြစ် ဖော်ပြကာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်ကမူ ထိုစွပ်စွဲချက်များကို လုံးဝ အခြေအမြစ်မရှိကြောင်း ပြောကြားကာ ငြင်းဆိုခဲ့သည်။

Source: South China Morning Post