CNI International News
ပေကျင်း၊ မတ် ၈
အမေရိကန်၏ တစ်ဖက်သတ်ဆန်သည့် အခွန်တိုးကောက်မှုများကို တရုတ်က ဆက်လက် တုန့်ပြန်သွားမည် ဖြစ်ပြီး အမေရိကန်သည် စေတနာကို ဝေဒနာဖြင့် တုန့်ပြန်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က မတ်လ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု Time မှ ဖော်ပြခဲ့သည်။
တရုတ်သည် အမေရိကန်၏ ဖန်တနိုင်း (fentanyl) မူးယစ်ဆေးပြဿနာ ဖြေရှင်းမှုကို ကူညီဖြေရှင်းပေးခဲ့သော် လည်း အမေရိကန်က တရုတ်ကို အခွန်တိုးကောက်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးများ တင်းမာခဲ့ရသည်ဟု ဝမ်က ပြောသည်။
“တစ်ချိန်တည်းမှာပဲ တရုတ်ကို ဖိနှိပ်ပြီး တရုတ်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ဘယ်နိုင်ငံကမှ စိတ်ကူးမယဉ်သင့်ပါဘူး။ လိုတစ်မျိုး၊ မလိုတစ်မျိုးပြုမူတဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်မှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေအတွက် မကောင်းပါဘူး”ဟု ဝမ်က ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
မတ်လ ၄ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နှင့်ပတ်သက်ပြီး တင်းမာသည့် မှတ်ချက်စကားကို ပြောကြားခဲ့ပြီးနောက် ဝမ်၏ ပြောကြားချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
“တကယ်လို့ အမေရိကန်က တခြား အစီအစဉ်တစ်ခု ရှိနေမယ်ဆိုရင်၊ အမေရိကန်ရဲ့ ဆန္ဒက စစ်ဖြစ်ဖို့ဆိုရင် အခွန်စစ်ပွဲပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ဖြစ် ဘယ်လိုစစ်ပွဲမျိုးကိုမဆို ကျနော်တို့က အဆုံးအထိ တိုက်သွားဖို့ အဆင်သင့်ပါပဲ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၄ ရက်တွင် ပြောကြားခဲ့ သည်။
အမေရိကန်ရှိ တရုတ်သံရုံးကလည်း ထိုထုတ်ပြန်ချက်ကို လူမှုမီဒီယာပေါင်းစုံတွင် တင်ခဲ့သည်။
ထို့နောက် တရုတ်၏ ထုတ်ပြန်ချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth)ကလည်း မတ်လ ၅ ရက်တွင် ပြန်လည်တုန့်ပြန်ခဲ့သည်။
“ကျနော်တို့က ပြင်ဆင်ပြီးသားပါ။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲကို ပြင်ဆင်ထားရပါမယ်” ဟု ဟက်ဆက်က Fox News သတင်းဌာနကို ပြောကြားခဲ့သည်။
ယခုသီတင်းပတ်ကစပြီး အမေရိကန်သည် တရုတ်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံများအပေါ် အခွန်များ တိုးမြှင့် ကောက်ခံခဲ့သဖြင့် အမေရိကန်နှင့် ထို ၃ နိုင်ငံအကြား အခွန်(ကုန်သွယ်ရေး)စစ်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အမေရိကန်က တရုတ်၏ ပို့ကုန်အားလုံးကို အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး တရုတ်ကလည်း အမေရိကန်က တင်ပို့သည့် ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း ပြန်လည်တိုးမြှင့်ခဲ့သည်။
Source: Time