CNI International News

၂၀၂၅ ခုနှစ်၊ မတ်လ ၈

ပါကစ္စတန်ခွဲထွက်ဝါဒီ လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံအတွင်းရှိ တရုတ်၏ စီးပွားရေးလုပ်ငန်းများနှင့် အကျိုး စီးပွားများကို ပစ်မှတ်ထားသည့်အနေဖြင့် စစ်ပွဲသစ်တစ်ခု ဆင်နွှဲရန် ပြင်ဆင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။

မတ်လ ၂ ရက်က  Baloch Raji Aajoi Sangar (BRAS) အမည်ရှိ ညွန့်ပေါင်းစစ်သွေးကြွအဖွဲ့သည် ဘာလို့ချ် အမျိုးသားတပ်မတော် အမည်ရှိ စစ်တပ်ကို ပေါင်းစည်းဖွဲ့စည်းရေးအတွက် အစီအစဉ်များကို ကြေညာခဲ့သည်။

BRAS ညွန့်ပေါင်းအဖွဲ့တွင် သယံဇာတ ပေါကြွယ်ဝသည့် ဘာလိုချီစတန်ပြည်နယ်တွင် လွတ်လပ်ရေးအတွက် ခွဲထွက်ရန် တွန်းအားပေး လုပ်ဆောင်နေသော စစ်သွေးကြွအဖွဲ့များ ပူးပေါင်းပါဝင်ထားသည်။

သို့သော် ဘာလို့ချ်အမျိုးသားတပ်မတော်တွင် ထိုညွန့်ပေါင်းအဖွဲ့ထဲမှ လက်နက်ကိုင် အင်အားမည်မျှ ပါဝင်မည် ဆိုခြင်းကို တိကျစွာ မသိရသေးပေ။

BRAS ၏ ဦးဆောင်မှုအောက်တွင် ပါဝင်သည့် အဖွဲ့များသည် ပါကစ္စတန်နှင့် တရုတ်ကို ဆန့်ကျင်သော ထိုးစစ် အသစ်တစ်ခုကို ပြင်းထန်စွာ ဆင်နွှဲသွားမည်ဟုလည်း ကြေညာခဲ့သည်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် BRAS ညွန့်ပေါင်းအဖွဲ့၌ ဘာလို့ချ်လွတ်မြောက်ရေးတပ်မတော်၊ ဘာလိုချီစတန် လွတ်မြောက်ရေး တပ်ဦး၊ ဘာလို့ချ်သမ္မတ အစောင့်တပ်ဖွဲ့၊ ဆင်ဒီလွတ်မြောက်အဖွဲ့အစည်းနှင့် ဆင်ဒူဒက်ရှ် တော်လှန်ရေး တပ်မတော် အစရှိသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။

ထိုအဖွဲ့များသည် ဘာလို့ချ်အမျိုးသားတပ်မတော် ထူထောင်ရေးအတွက် အဖွဲ့အစည်းကို ပိုမိုအင်အားခိုင်မာစေရန်၊ ဒေသအားလုံးတွင် စစ်ဘက်ဆိုင်ရာ အခြေခံ အချက်များကို ပြန်လည်ဖွဲ့စည်းရန်နှင့် တပ်များကို ချက်ချင်းစုစည်း ရန် ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ တစ်ကွဲတစ်ပြားစီ ဖြစ်နေသည့် ဘာလို့ချ် တော်လှန်ရေးအဖွဲ့များကို တပ်ပေါင်းစု အဖြစ် စုစည်းရန်၊ ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်နိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘာလိုချီစတန်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များသည် သယံဇာတပေါကြွယ်ဝသည့် ၎င်းတို့ ပြည်နယ်အတွင်းရှိ တရုတ်လုပ်ငန်းများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

Source: Nikkei Asia