CNI International News

ဘရပ်ဆဲလ်၊ မတ်လ ၈

ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် ဥရောပတိုက်၏ ကာကွယ်ရေးကဏ္ဍနှင့် လုံခြုံရေးကို မြှင့်တင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအတွက် ယူရို ဘီလျံချီ သုံးစွဲရန် မတ်လ ၆ ရက်က ကတိပြုခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ရုရှား၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် ဥရောပကို ကာကွယ်ပေးထားမှုအား လျှော့ချသွားမည်ဟု မကြာခဏ ပြောကြားခဲ့သဖြင့် ဥရောပခေါင်းဆောင် များက ထိုအရေးကိစ္စကို ခေါင်းချင်းဆိုင်ပြီး အဖြေရှာနေကြခြင်းဖြစ်သည်။

လက်ရှိတွင် ဥရောပနိုင်ငံများသည် ၎င်းတို့၏ လုံခြုံရေးကို ၎င်းတို့ကိုယ်တိုင် ကာကွယ်ရတော့မည်ဖြစ်သဖြင့် စိုးရိမ်မှုများ မြင့်တက်နေကာ မတ်လ ၆ ရက်က ဘရပ်ဆဲလ် (Brussels) မြို့တွင် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 ဥရောပသမဂ္ဂခေါင်း‌ဆောင်များကို တွေ့ရစဉ်

ထိုအစည်းအဝေးတွင် အနာဂတ်၌ ယူကရိန်းအတွက် ကာကွယ်ပေးမှုကို စိတ်ချသေချာစေရန်နှင့် ဥရောပ၏ လုံခြုံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

“ဒီနေ့မှာတော့ သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါပြီ” ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂခေါင်းဆောင် ၂၇ ဦးသည် ဥရောပ၏ လုံခြုံရေးအတွက် စိတ်ချာသေချာစေအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး စိန်ခေါ်မှုများကို ဖြေရှင်းဖို့ လိုအပ်ချက်နှင့်အညီ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကာကွယ်ရေးကဏ္ဍတွင် ငွေကြေးများ ပိုမိုရင်းနှီးမြှုပ်နှံသွားရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း ဗွန်ဒါလီယန်က ပြောသည်။

မတ်လ ၅ ရက်ကလည်း  ဗွန်ဒါလီယန်သည် ယူရို ၈၀၀ ဘီလျံတန်ဖိုးရှိ "ReArm Europe" အမည်ရှိ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး အစီအစဉ်ကို ထုတ်ဖော် ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံအားလုံး အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုမိုအသုံးပြုမည်ဆိုပါက လာမည့် (၄)နှစ်အတွင်း စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် ယူရို ၆၅၀ ဘီလျံနီးပါး ရှိလာမည်ဖြစ်သည်။

ထို့နောက် ဥရောပသမဂ္ဂ ဘတ်ဂျက်မှ  ယူရို ၁၅၀ ဘီလျံ တန်ကြေးရှိသည့် ချေးငွေယန္တရား တစ်ခုကိုလည်း ထူထောင်သွားမည်ဖြစ်ကြောင်း ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

Source: အေပီ