CNI International News

ဘရပ်ဆဲလ်၊ မတ်လ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ဥရောပအတွက် အမေရိကန်၏ လုံခြုံရေး အာမခံချက်များ မသေချာတော့ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သဖြင့် ဥရောပနိုင်ငံများသည် ကိုယ်ပိုင် လုံခြုံရေး အာမခံချက်အပေါ် စစ်အသုံးစရိတ်များကို တိုးမြှင့်ရန် ပြင်ဆင်လာကြသည်ဟု DW သတင်းဝက်ဘ်ဆိုက် တွင် ဖော်ပြခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) ကမူ ယူရို ၈၀၀ ဘီလျံ တန်ဖိုးရှိ "ReArm Europe" အမည်ရှိ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေး အစီအစဉ်ကို ထုတ်ဖော် ပြောကြားခဲ့သည်။

ထိုအစီအစဉ်ကို မတ်လ ၆ ရက်တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ(EU) ညီလာခံတွင် အဓိကထား ဆွေးနွေးသွား မည်ဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကို တွေ့ရစဉ်

မတ်လ ၂ ရက်က ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ၏ အစည်းအဝေး ခေါ်ယူမှုဖြင့် လန်ဒန်တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည့် ဥရောပ ခေါင်းဆောင်များ အစည်းအဝေး အပြီး၌ ယခုအစည်းအဝေးသည် အီးယူ၏ နောက်ဆုံးခေါ်ယူသည့် အစည်းအဝေး ဖြစ်သည်။

အမေရိကန်သည် ယူကရိန်းအတွက် စစ်ရေးနှင့်ငွေကြေး အကူအညီများ ဆိုင်းငံ့မှုနှင့်အတူ ဥရောပအတွက် လုံခြုံရေး ကတိကဝတ်မှာလည်း မရေရာသဖြင့် ဥရောပသမဂ္ဂသည် မိမိကိုယ်ကိုယ် အားကိုးပြီး လုံခြုံရေးကို တိုးမြှင့်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဗွန်ဒါလီယန်သည် အခြေအနေများ ဆိုးရွားနေသည်ကို မီးမောင်းထိုး ပြသရန်အတွက် ဥရောပခေါင်းဆောင်များထံ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်ဟု ဆိုသည်။

ဥရောပမှာ ယူကရိန်းလုံခြုံရေးအတွက် တောင်းဆိုနေကြစဉ်

ထိုစာထဲတွင် ဥရောပတိုက်သည် မိမိတို့ တစ်သက်တွင် တစ်ခါမျှ မမြင်တွေ့ရဖူးသည့် ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ ယူကရိန်း၏ အနာဂတ် လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာပိုင်မှုသည် ဥရောပ၏ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အဓိကကျကြောင်း ရေးသားဖော်ပြခဲ့သည်။

ယခု အဆိုပြုမည့် ReArm Europe အစီအစဉ်သည် အတိတ်ကာလက ဥရောပ အစိုးရများအတွက် စီးပွားရေး အကြောင်းပြချက်များဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချခွင့်ပြုထားသည့် အခြေအနေကို ရှောင်လွှဲနိုင်စေ ရန် မျှော်လင့်ထားကြောင်း ဗွန်ဒါလီယန်က ပြောသည်။

အဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုမိုအသုံးပြုမည်ဆိုပါက လာမည့် ၄ နှစ်အတွင်း စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် ယူရို ၆၅၀ ဘီလျံနီးပါး ရှိလာမည်ဖြစ်ပြီး ဥရောပသမဂ္ဂ(EU) ဘတ်ဂျက်မှ  ယူရို ၁၅၀ ဘီလျံ တန်ကြေးရှိသည့် ချေးငွေယန္တရား တစ်ခုကိုလည်း ထူထောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: DW