CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀
ကိုလံဘီယာကွင်းလယ် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မက္ကဆီကိုအသင်းဖြစ်တဲ့ ကလပ်လီယွန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ ထွက်ခွာဖွယ်ရှိနေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ စာချုပ်ဟာ ဒီဇင်ဘာ ၃၁ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပြီး ကလပ်လီယွန်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ကလပ်လီယွန် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ပါဝင်ကစားအပြီးမှာ ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားတာပါ။
အသက် ၃၄ နှစ်အရွယ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ မက္ကဆီကိုကလပ် အများအပြားက စိတ်ဝင်စားနေတာ ကြောင့် သူဟာ လာမယ့်ရာသီ မက္ကဆီကိုလိဂ်မှာ ဆက်ပြီး ကစားသွားနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ကလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် နောက်ထပ် ရွေးချယ်မှုအဖြစ် ရှိနေပါတယ်။
ဒါပေမယ့် မေဂျာလိဂ် ရာသီသစ်ဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ကုန်ခါနီးမှသာ စတင်မှာဖြစ်လို့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ပုံမှန်ပွဲကစားခွင့်ရချင်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် နောက်ထပ် ရွေးချယ်စရာတွေကို စဉ်းစား နိုင်ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ပါဝင်ခွင့်ရဖို့ မျှော်လင့် ထားတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကိုလံဘီယာ လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်ဖို့ ရှိနေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ အဲဗာတန်၊ အိုလံပီယာကို့စ်၊ အယ်လ်ရေယန်၊ ဆော်ပေါ်လို အသင်းတွေမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
