CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇

စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပရီးမီးယားလိဂ်ထံ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဗယ်လက်ကာနိုအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။ 

ဒါပေမယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဗယ်လက်ကာနို အသင်းအတွက် ၇ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ကိုလံဘီယာ ကစားသမားဟာ ဗယ်လက်ကာနိုအသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်သွားခဲ့ပြီး အခြားအသင်းတွေထံ အလွတ်နဲ့ ပြောင်းရွှေ့လို့ရပြီဖြစ်တာပါ။

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှာ တစ်ရာသီကြာ ကစားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပရီးမီးယားလိဂ်ထံ ပြန်သွားချင်နေတယ်လို့ O Jogo သတင်းမှာ ဖော်ပြထားပါတယ်။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဝုလ်ဗ်စ်၊ ဖူလ်ဟမ်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

မေဂျာလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၆ နှစ်ဆက်တိုက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လို့ရတဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ဟာ အားကစားနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် လမ်းခွဲခဲ့ကြတာလို့ The Athletic က ဖော်ပြထားပါတယ်။

ကိုလံဘီယာ ကစားသမားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆိုးရွားတဲ့ပုံစံ မရှိခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဥရောပ ဝင်ခွင့်ရရှိအောင် ကြိုးစားနေကြတဲ့ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းတွေ အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာနိုင်တာပါ။ 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းကို ဗိုလ်လုပွဲ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

Source: Goal