CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅

လီဗာပူးလ်အသင်းဟာ သြဂုတ် ၄ ရက်က အန်ဖီးလ်ကွင်းမှာ ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲကစားခဲ့ပြီး ၂ ပွဲ စလုံး အနိုင်ရရှိခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပထမခြေစမ်းပွဲမှာ ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

ပထမခြေစမ်းပွဲမှာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေကို အန်ဂူမိုဟာ၊ ဒါဝင်နူနက်ဇ်၊ အဲလီးယော့နဲ့ ဘီလ်ဘာအိုလ် ကစားသမား ပါဒီလီယာက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ 

ဒုတိယခြေစမ်းပွဲမှာတော့ ဂတ်ပိုက ၂ ဂိုးနဲ့ ဆာလက်က ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ အန်ဂူမိုဟာကို လီဗာပူးလ်အသင်း ပရိသတ်တွေက အလွန် နှစ်သက်နေကြပြီး သူ့ကို အသင်းကြီး လူစာရင်းထဲ ထည့်သွင်းဖို့ နည်းပြအာနီဆလော့ကို တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ကစားသမားသစ်တွေဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်နဲ့ အီကီတိုက်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ကြတာပါ။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံးမှာ အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ဖျားနာနေတာကြောင့် မပါဝင်နိုင် ခဲ့သလို ဘရက်ဒလေနဲ့ ဂိုးမက်စ်တို့က ဒဏ်ရာတွေကြောင့် လွဲချော်ခဲ့ပါတယ်။ 

ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် ပြီးခဲ့တဲ့ အာရှခြေစမ်းပွဲ ခရီးစဉ် မှာကတည်းက အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ၂ ပွဲစလုံးမှာ အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ခဲ့ပြီး ဂိုးသွင်း နိုင်မယ့် အခွင့်အရေးတွေလည်း အများကြီး ရခဲ့ပေမယ့် တည်ကန်ဘောတွေကနေ ဂိုးတွေခွင့်ပြုရတာကို သူ မနှစ်သက်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ကစားသမားတွေဟာ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး လာမယ့်အပတ်တွေမှာ ဒီထက်ပိုပြီး ကောင်းမွန် အောင် လုပ်ဆောင်သွားဖို့ရှိတယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ကလပ်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ လာမယ့် သြဂုတ် ၁၀ ရက်မှာ FA ဖလားချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN