CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅

အင်္ဂလန်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းက ဒေဂူးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာရှရာသီကြို ခြေစမ်းခရီးစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ အသင်းအတွက် ၃ ပွဲမြောက် ပါဝင်ကစားအပြီးမှာ သွင်းဂိုးသွင်းယူနိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဗစ်ဆဲလ်ကိုဘီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက် ပါဝင်ခဲ့ပြီး ဆိုးလ်အသင်းကို ၇ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေဂူးအသင်းနဲ့ပွဲစဉ်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ အဲရစ်ဂါစီယာရဲ့ ဖန်တီးပေးမှုကို အေးဆေးတည်ငြိမ်စွာ ကန်သွင်းပြီး သွင်းဂိုးရယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အာရှရာသီကြို ခြေစမ်းခရီးစဉ်မှာ ၃ ပွဲစလုံး အနိုင်ရခဲ့ပြီးနောက် နည်းပြဟန်ဆီဖလစ်က ရာသီကြိုခြေစမ်းပွဲရဲ့ အရေးကြီးဆုံးအဆင့်တွေထဲက တစ်ခုကို သူတို့ပြီးမြောက်ခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ် 

ဒါအပြင် ဟန်ဆီဖလစ်က ကောင်းမွန်စွာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့တာက သူတို့အတွက် အရေးကြီးဆုံး အရာ ဖြစ်ခဲ့ပြီး လိုချင်တဲ့အရာတွေ မြင်တွေ့ခဲ့ရသလို စမ်းသပ်မှုတွေ ကောင်းမွန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ လာမယ့် သြဂုတ် ၁၀ ရက်မှာ နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ ယိုအန်ဂန်ပါဆုဖလား ပွဲစဉ် အဖြစ် စီးရီးအေကလပ် ကိုမိုအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။

ဘာစီလိုနာအသင်းဟာ ဒီဆုဖလားကို ၄၆ ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာအသင်းဟာ ရာသီသစ်မှာ ပြည်တွင်းဆုဖလားတွေကို ကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဘာစီလိုနာအသင်းဟာ ရာသီသစ် လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ မာယော့ကာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail