CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထံ ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုပြီး ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့ စပိန်ကြယ်ပွင့် ဖာမင်လိုပက်ဇ်က ဘာစီလိုနာအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။

ဖာမင်လိုပက်ဇ်က “ကျနော်ဒီမှာ ဆက်ရှိချင်ပါတယ်။ ဒါက ကျနော့်ရဲ့ အိပ်မက်ဖြစ်ပြီး ကျနော် ဆက်နေမှာပါ။ အသင်းကို ကူညီရတာ ကျနော်ပျော်ရွှင်ပါတယ်။ အများကြီး ပြောပြီးပြီ ဖြစ်ပေမယ့် ဒီအရောင်တွေကို ဆက်ပြီး ကာကွယ်သွားမှာ ဖြစ်သလို အလုပ်ကို ကြိုးစားလုပ်သွားမှာပါ။ ပရိသတ်တွေ အနေနဲ့ အေးဆေး အနားယူနိုင် ပါတယ်”လို့ Mundo Deportivo ကို ပြောခဲ့တာပါ။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းကြီးအတွက် ၂၀၂၃ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး ၈၈ ပွဲကစားထားကာ ၁၉ ဂိုး သွင်းယူထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်း ပြည်တွင်းဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့တဲ့ ဖာမင်လိုပက်ဇ်ဟာ ၂၀၂၉ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ်သစ် ချုပ်ဆိုထားတာပါ။

ဖာမင်လိုပက်ဇ်ကို တွေ့ရစဉ်

ဒါပေမယ့် ဖာမင်လိုပက်ဇ်ဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ဖာမင်လိုပက်ဇ်ဟာ နည်းပြဟန်ဆီဖလစ်ရဲ့ အစီအစဉ်မှာ အဓိက အစိတ်အပိုင်း အနေနဲ့ ရှိနေတယ်လို့ သိရပါတယ်။

ဖာမင်လိုပက်ဇ်ဟာ အသက် ၁၃ နှစ်အရွယ် ကတည်းကရှိခဲ့တဲ့ ဘာစီလိုနာအသင်းမှာ အမြဲတမ်းရှိနေဖို့ ဆန္ဒရှိ နေတာပါ။

ဖာမင်လိုပက်ဇ်ဟာ ကိုမိုအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယိုအမ်ဂမ်ပါ ဖလားပွဲစဉ်မှာ ဘာစီလိုနာအသင်း အတွက် ၂ ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ 

ရာသီကြို ခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ သြဂုတ် ၁၆ ရက်မှာ လာလီဂါ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် မာယော့ကာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Metro