CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉

ဘာစီလိုနာအသင်းက နယူးကာဆယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့် ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြ ဟန်ဆီဖလစ်က ချီးကျူးခဲ့ပြီး သူဟာ နောက်ထပ်ခြေလှမ်းတွေ ထပ်ပြီးလှမ်းရမယ်လို့ ပြောခဲ့ပါတယ်။ 

ဟန်ဆီဖလစ်က “ကျနော့် အတွက်တော့ ဒါဟာ ပထမခြေလှမ်းဖြစ်ပြီး သူနောက်ထပ် ခြေလှမ်းတွေ ထပ်ပြီးလှမ်း ရပါမယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိတာက အလွန်အရေးကြီးပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးတွေကို ကျနော် မအံ့သြ ပါဘူး၊ သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ သူ့ရဲ့အရည်အချင်းနဲ့ အဆုံးသတ်ပိုင်းတွေက မယုံနိုင်လောက် အောင်ပါပဲ။ တိုက်စစ်မှူး တစ်ဦးအတွက် ဂိုးတွေသွင်းရတာက အမြဲတမ်းကောင်းမွန်ပြီး ကျနော်အလွန်ပျော်ရွှင် ပါတယ်။ သူဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် သူ့လို ကစားသမားမျိုး လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါ ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းအတွက် ဂိုးမသွင်းနိုင်သေးပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုးရယူနိုင်ခဲ့တာပါ။ 

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ် 

ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး နည်းပြဟန်ဆီဖလစ်ရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်က သူဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားပြီး အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့အတူ တွဲကစားရတာဟာ သူ့ကို အလွန် လန်းဆန်းစေတယ်လို့ ပြောခဲ့ပါတယ်။ 

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဒီပွဲမှာ သူ့ရဲ့ကစားသမားတွေ အများကြီးအားထုတ်ခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို အနိုင်ယူချင်ရင် အလွန်ကောင်းမွန်မှ ရမယ်လို့ ပြောခဲ့တာပါ။ 

လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေအဖြစ် ဘာစီလိုနာအသင်းက PSG အသင်း၊ နယူးကာဆယ်အသင်းက အူနယွန်း SG အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN