CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ချယ်လ်ဆီး အသင်းကြယ်ပွင့် ဂါနာချိုအနေနဲ့ လက်ရွေးစင်အသင်း အတွက် ပြန်ပါဝင်ခွင့် ရချင်တယ်ဆိုရင် မိမိကိုယ်ကို သက်သေပြရမယ်လို့ ပြောခဲ့ပါတယ်။ 

ဂါနာချိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ခွင့်ရမယ့် အလားအလာနဲ့ ပတ်သက်ပြီး နည်းပြစကာလိုနီနဲ့ သီးသန့် စကားပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ဂါနာချိုဟာ ပြီးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး နောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရမယ့်အပေါ် စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။ 

ဂါနာချိုက အာဂျင်တီးနားအသင်းမှာ သူ့အတွက် နေရာရှိလားဆိုပြီး နည်းပြစကာလိုနီကို တိုက်ရိုက်မေးခဲ့တာပါ။ 

ဂါနာချိုကို တွေ့ရစဉ် 

ဂါနာချိုဟာ ချယ်လ်ဆီးအသင်းမှာ ပွဲကစားချိန်မိနစ် အများအပြားရပြီး ခြေစွမ်းပြသနိုင်မယ်ဆိုရင် လက်ရွေးစင် အသင်းထံ ပြန်သွားနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဂါနာချိုကို လက်ရွေးစင်အသင်း လူစာရင်းထံ ပြန်ပါဝင်နိုင်ဖို့ အခွင့် အရေး ရှိတယ်လို့ ပြောခဲ့ပေမယ့် ဒီလိုပါဝင်ချင်တယ်ဆိုရင် အများကြီး သက်သေပြရလိမ့်မယ်လို့ ပြောခဲ့တပါ။ 

အဲဒါကြောင့် ဂါနာချိုအနေနဲ့ အာဂျင်တီးနားအသင်းအတွက် ပြန်ပါဝင်ချင်တယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းတွေ ကို တသမတ်တည်း ပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချို ဟာ အာဂျင်တီးနားအသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပေမယ့် ၂၀၂၅ ခုနှစ်ထဲမှာ တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးတာပါ။ 

အာဂျင်တီးနားအသင်းရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ လူငယ်ကစားသမားအချို့ နေရာရလာခဲ့တာ ကြောင့် ဂါနာချို အနေနဲ့ နေရာရဖို့ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်။ 

ဂါနာချိုဟာ ချယ်လ်ဆီးအသင်းအတွက် ၂ ပွဲ ပါဝင်ကစားထားပေမယ့် ပွဲကစားချိန်မိနစ် နည်းပါးနေပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Source: besoccer