CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံး တောင်အမေရိကအသင်း ဖြစ်လာခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ခြေစစ်ပွဲမတိုင်ခင်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ 

အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘရာဇီးလ်အသင်းကို ဂိုးပြတ် ခြေပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်၊ အန်ဇို၊ မက်အယ်လစ္စတာနဲ့ ဆီမြွန်နီတို့က သွင်းယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းအတွက် ချေပဂိုးကို ကွန်ညာက သွင်းယူခဲ့တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကဇုန် ခြေစစ်ပွဲက ထိပ်ဆုံး ၆ သင်း တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်

ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဗင်နီဇွဲလားအသင်းကို ၆ မှတ် အသာရရှိနေတာကြောင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ဖို့ အခြေအနေ ကောင်းနေတာပါ။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂွက်ဇ်က “၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် အာဂျင်တီးနား။ ချန်ပီယံဆုကို ကာကွယ်ပြီး တောင်အမေရိကတိုက်အတွက် ဂုဏ်ယူအောင် ပြုလုပ်ပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၄ ပွဲစီ ယှဉ်ပြိုင်အပြီးမှာ အာဂျင်တီးနားအသင်းက ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၊ အီကွေဒေါအသင်းက ၂၃ မှတ်နဲ့ အဆင့် ၂ ၊ ဥရုဂွေး၊ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်းတို့က ရမှတ် ၂၁ မှတ်စီနဲ့ အဆင့် ၃၊ ၄၊ ၅ နေရာမှာ ရပ်တည်နေပြီး ကိုလံဘီယာအသင်းက ရမှတ် ၂၀ နဲ့ အဆင့် ၆ နေရာမှာ ရပ်တည် နေတာပါ။

ဗင်နီဇွဲလား၊ ဘိုလီဗီးယား၊ ပီရူးနဲ့ ချီလီအသင်းတို့က အဆင့် ၇၊ ၈၊ ၉နဲ့ ၁၀ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: ESPN