CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်က အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလား ချန်ပီယံဆုရယူပြီးရင် ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောခဲ့ပါတယ်။

အီမီမာတီနက်ဇ်က “ကျနော် အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ရင် အနားယူမှာပါ။ ခင်ဗျားကို ကတိပေးပြီး ကျနော်ဒီနေ့ ခင်ဗျားကို ပြောနေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီးရင် ကျနော် အနားယူမှာပါ”လို့ AFA Estudio မှာ ပြောခဲ့တာပါ။

အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရယူနိုင်အောင် ပင်နယ်တီ အဆုံးအဖြတ်တွေမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆု ကို ရရှိခဲ့ပါတယ်။

အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မကြာသေးခင်က FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့တာပါ။ 

မာတီနက်ဇ်ကိုတွေ့ရစဉ်

အသက် ၃၂ နှစ်အရွယ်ရှိ အီမီမာတီနက်ဇ်ဟာ ဘယ်အချိန်မှာ ကစားသမားဘဝကနေ အနားယူမလဲဆိုပြီး မေးမြန်း ခံခဲ့ရချိန်မှာ အာဂျင်တီးနားအသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလားရယူပြီးရင် အနားယူမယ်လို့ ဖြေခဲ့ပါတယ်။

ဒါအပြင် အီမီမာတီနက်ဇ်က သူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့ နီးစပ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

အီမီမာတီနက်ဇ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူ ကာကွယ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆု အပါအဝင် ၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Dailymail