CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဂါနာချိုရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ ဂါနာချိုဟာ မေလ ၃၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ချင်လို့ နည်းပြ အဲရစ်တန်ဟတ်ထံ တောင်းဆိုထားခဲ့တာပါ။

ဂါနာချိုက အာဂျင်တီးနားဂျာစီနဲ့ သူ့ရဲ့ ဇာတ်လမ်းကို ရေးချင်တာကြောင့် နည်းပြထံ တောင်းဆိုခဲ့ပြီး ဒီပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဂါနာချို အနေနဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ရင် မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်အတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ ဗိုလ်လုပွဲကို ဇွန်လ ၃ ရက် ဝင်ဘာလေကွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတာပါ။

အာဂျင်တီးနား ကစားသမားဟာ မကြာသေးခင်ကမှ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်အတွက် တိုက်စစ် ကစားသမား ရွေးချယ်ခွင့် ပိုမိုရှိလာခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုကိုတွေ့ရစဉ်

အဲဒါကြောင့်လည်း ယူနိုက်တက် အသင်းဘက်က ဂါနာချိုရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းကတော့ ဂါနာချို ပါဝင်မယ်ဆိုရင် သူတို့ရဲ့ အောင်မြင်မှု အခွင့်အလမ်းတွေအတွက် ကြီးမားတဲ့ တွန်းအားပေးမှု ဖြစ်နိုင်တာကြောင့် ယူနိုက်တက် ကစားသမားကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းဖို့ စိတ်အား ထက်သန်နေတာပါ။

အာဂျင်တီးနား အသင်းဟာ အစောပိုင်းက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပေ မယ့် ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနေရာမှာ အိမ်ရှင်အဖြစ် အစားထိုးဝင်ခဲ့ရလို့ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားထားတာမှာ ၄ ဂိုး သွင်းယူထားပေမယ့် ခြေကျင်းဝတ်ဒဏ်ရာကြောင့် မတ်လကတည်းက အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိတာပါ။

ဂါနာချိုဟာ သူဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ နီးစပ်နေပြီလို့ မကြာသေးခင်က အင်စတာဂရမ်မှာ ပို့စ်တင်ကာ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က အခုနှစ်ရာသီ မကုန်ခင်မှာ ဂါနာချို အသင်းအတွက် ပါဝင် ကစား ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Daily Mail