CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၆

အာဂျင်တီးနားအသင်းဟာ ဇွန်လထဲမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲတွေ အတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုတို့ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့မတ်လက ခြေစစ်ပွဲတွေမှာ အာဂျင်တီးနားအသင်း အတွက် မပါဝင်နိုင်ခဲ့တာပါ။

ဒါပေမယ့် အာဂျင်တီးနားအသင်းဟာ ဥရုဂွေးနဲ့ ဘရာဇီးလ်အသင်းတို့ကို အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပါဝင်ယှဉ်ပြိုင်ပြီးရင် အမေရိကန်နိုင်ငံထံ ပြန်လာကာ အင်တာမိုင်ယာမီအသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာပါ။

ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုဟာ ပြီးခဲ့တဲ့ပွဲတွေမှာ နည်းဗျူဟာဆိုင်ရာ အကြောင်း ပြချက်တွေနဲ့ အာဂျင်တီးနားအသင်း လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂါနာချိုကို တွေ့ရစဉ်

ဒါပေမယ့် ဂါနာချိုဟာ ဇွန်လထဲမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အာဂျင်တီးနား အသင်းရဲ့ ကစားသမား ၂၈ ဦး လူစာရင်းမှာ ပါဝင်လာခဲ့တာပါ။

ခြေစစ်ပွဲ ၂ ပွဲထဲက ပထမဆုံးပွဲစဉ်ကို ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်တဲ့ အော်တာမန်ဒီ၊ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ပါရီဒက်စ်တို့ကို နည်းပြစကာလိုနီက အာဂျင်တီးနားအသင်း လူစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

ဒိုင်ဘားလားနဲ့ မွန်တီရယ်လ်တို့ဟာ ဒဏ်ရာကြောင့် လူစာရင်းထဲ မပါဝင်ခဲ့သလို နောက်ခံလူတွေဖြစ်တဲ့ အကူနာနဲ့ ပီဇဲလ်လာတို့ကို နည်းပြက လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် ဇွန်လ ၅ ရက်မှာ ချီလီအသင်းနဲ့ အဝေးကွင်း၊ ၁၀ ရက်မှာ ကိုလံဘီယာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာပါ။ 

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၁၄ ပွဲ ကစားထားပြီး ရမှတ် ၃၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: ESPN