CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၆

ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းထံ အငှားချထားတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လာမယ့် နွေရာသီ အပြောင်းရွှေ့မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ရောင်းချဖို့ အဆင်သင့် ဖြစ်နေပါတယ်။ 

ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဝယ်ယူဖို့အတွက် ပထမဆုံး ရွေးချယ်ခွင့်မရှိဘူးလို့ သိရပါ တယ်။ 

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူခဲ့ချိန်က ရာသီကုန်ချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်စာချုပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်အတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တဲ့ ဘယ်အသင်းမဆို အပြောင်းအရွှေ့အတွက် လွတ်လပ်စွာ ဆွေးနွေးမှုတွေ ပြုလုပ်ခွင့်ရှိတယ်လို့ ပြောထားတာပါ။

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ဒီရာသီ လက်ကျန်ပွဲတွေမှာ အက်စတွန်ဗီလာအသင်းအတွက် ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားခဲ့တာမှာ ၄ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးကာ ခြေစွမ်း ပြသနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဇူလိုင်အစမှာ ရာသီကြိုလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပြန်လာရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ စီစဉ်ထားပေမယ့် အဆင်မပြေခဲ့ရင်လည်း နောက်ထပ် အငှားချဖို့ ဖြစ်နိုင်ဖွယ်ရှိနေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် အသင်းထံ ပြောင်းရွှေ့ချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထား ပါတယ်။ 

အင်္ဂလန်ကစားသမားဟာ နည်းပြအာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေး ဖွယ်မရှိလို့ ထွက်ခွာတာက အသင်းအတွက်ရော ကစားသမားအတွက်ပါ အကောင်းဆုံးဖြစ်နိုင်တယ်လို့ သုံးသပ် ထားကြတာပါ။

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်းနိုင်ဖို့ လုပ်ဆောင်နေပြီး လာမယ့် ဇွန်လထဲ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

အင်္ဂလန်အသင်းဟာ ဇွန်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်း၊ ခြေစမ်းပွဲအဖြစ် ဆီနီဂေါ အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Goal