CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉

အက်စတွန်ဗီလာအသင်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ရာသီကုန်အထိ အနားယူရမယ့် အခြေအနေကို စိုးရိမ်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် အက်စတွန်ဗီလာအသင်းက ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။

အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ရက်ရှ်ဖို့ဒ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြု ခဲ့ပြီး သူ့ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒဏ်ရာကို စစ်ဆေးမှုတွေအရ ရက်ရှ်ဖို့ဒ်ဟာ တစ်လခန့် အနားယူရနိုင်တယ်လို့ ဖော်ပြထားတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ပြီး နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကနေ အချိန်မီ ပြန်ကောင်းလာရင်တောင် သူ့ရဲ့မိခင်ကလပ် ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံမယ့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ 

လက်ရှိအချိန်မှာ အက်စတွန်ဗီလာနဲ့ ယူနိုက်တက်အသင်း ဆေးအဖွဲ့ဝင်တွေဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာ အခြေအနေ အတွက် ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ဇွန်လ နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ အငှားကစားချိန်မှာ ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် ရှိနေပါတယ်။

ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်ချိန်မှသာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖွယ်ရှိ/မရှိ ဆုံးဖြတ်ဖွယ် ရှိနေတာပါ။ 

ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင် လက်အောက်မှာ ထပ်ကစားဖွယ်မရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့်အသင်းထံ ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

Source: ESPN