CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
ဘာစီလိုနာအသင်းဟာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် လာလီဂါ ချန်ပီယံဆုကို ၂၈ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ယာမဲလ်နဲ့ ဖာမင်လိုပက်ဇ်တို့က သွင်းယူခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ လာလီဂါပွဲစဉ်ကစားဖို့ ၂ ပွဲ ကျန်ရှိသေးချိန်မှာ အမှတ်ပေးဇယား အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ရမှတ် ၇ မှတ်ဖြတ်ပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ ဂုဏ်ပြုမှု ပြုလုပ်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုလည်း ရယူထားတာကြောင့် နည်းပြ ဟန်ဆီဖလစ်ဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အသင်းကို ပြည်တွင်းဖလား ၃ ခုစလုံး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အောင်ပွဲခံနေကြတဲ့ ဘာစီလိုနာအသင်းသားတွေကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတွေမှာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ကာ ဒီရာသီ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲစလုံး အနိုင်ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်း နည်းပြဟန်ဆီဖလစ်က “ဘာစီလိုနာအသင်းမှာ ဆုဖလားတွေ ရယူနိုင်ရမှာဖြစ်ပြီး ၃ လုံး ရယူနိုင်ခဲ့တာက ကောင်းမွန်ခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်နေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ ဇန်နဝါရီမှာ စူပါဖလား ရယူနိုင်ခဲ့တာက ကျနော်တို့ကို ယုံကြည်မှုတွေပေးခဲ့တာပါ။ ကစားသမားတွေ အမြင့်ဆုံးအဆင့် ရောက်လာတာကို ကြည့်ရတာကောင်းမွန်သလို အခြားသူတွေလည်း တိုးတက်မှုရှိလာတယ်”လို့ Movistar plus ကို ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး အင်တာမီလန်အသင်းကို အချိန် ပိုမှာ အရေးနိမ့်ခဲ့တာကြောင့် တစ်ရာသီအတွင်း ဆုဖလား ၄ လုံးရယူနိုင်မယ့်မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရ တာပါ။
ဘာစီလိုနာအသင်းဟာ လာလီဂါ ချန်ပီယံအောင်ပွဲအတွက် အမိုးဖွင့်ဘတ်စ်ကားနဲ့ သောကြာနေ့မှာ မြို့တွင်း လှည့်ပတ် အောင်ပွဲခံမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် ဗီလာရီးရယ်လ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဆုဖလားရယူသွားမှာ ဖြစ်ပါတယ်။
Source: bbc