CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ နာဂယ်လ်စမန်းက သူဟာ အသင်းနည်းပြအဖြစ်ဆက်ရှိချင်ပေမယ့် ဆုံးဖြတ်ချက်က ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့လက်ထဲမှာလို့ ပြောခဲ့ပါတယ်။ 

နာဂယ်လ်စမန်းက “ဒါက ကျနော့်ရဲ့လက်ထဲမှာမရှိပေမယ့် သူတို့က ဆက်ရှိစေချင်တယ်ဆိုရင် ဆက်ရှိမှာပါ။ သူတို့က ကျနော့်ကို မလိုချင်တော့ဘူးဆိုရင် ထွက်ခွာသွားမှာပါ။ ကျနော်ဟာ ထွက်ပြေးတဲ့သူမဟုတ်တာကြောင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က အလိုရှိရင် ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေအတွက် ကျနော်ပြင်ဆင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်ပွဲမှာ ပါရာဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ 

ဒီပွဲစဉ်မှာ ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရကာ အချိန်ပိုမှာ ဂျာမနီအသင်း အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။ 

အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့တာမှာ ပါရာဂွေးအသင်းက ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။ 

၃၂ သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့် ဂျာမနီအသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဂျာမနီအသင်း စောစီးစွာထွက်ခွာခဲ့ရတဲ့အတွက် နည်းပြနာဂယ်လ်စမန်းရဲ့အနာဂတ်ဟာ အသင်းမှာမသေချာတော့ပေမယ့် သူကတော့ ဂျာမနီအသင်းကို ဆက်ပြီးကိုင်တွယ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ဂျာမနီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နာဂယ်လ်စမန်းနဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။

ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့သလို ၃ ကြိမ် ဆက်တိုက် ပြိုင်ပွဲကနေစောစီးစွာထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်က ဂျာမနီအသင်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ပြောင်းလဲမှုတွေပြုလုပ်ဖို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကို ပြောခဲ့ပါတယ်။