CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀

ကချင်ပြည်နယ်အတွင်းရှိ လီဆူလူမျိုးများနေထိုင်ရာ ဒေသများ၌ ဖွံဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အဓိက အရေးကြီးနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းလျှင် ဒေသခံလူထုအတွက် ဝင်ငွေရလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က “အဓိကတော့ နယ်စပ်ဒေသမှာရှိတဲ့ ခက်ခဲတဲ့ ဒေသတွေ ပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးက အဓိက အရေးကြီးပါတယ်။ ဘာမှလည်း ကူးလူး ဆက်ဆံတာတို့၊ စီးပွား ကူးသန်း ရောင်းဝယ်တဲ့ လုပ်ငန်းတို့၊ ဒေသထွက်တဲ့ စီးပွားဖြစ် စားသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင် ရောင်းချ တာတို့ အဲဒီလိုမှပဲ ဒေသခံတွေကလည်း ဝင်ငွေရလမ်းတွေ ထွက်လာမှာ။ အဓိက,ကတော့ ကျနော်တို့ မြင်တာ တော့ လမ်းပန်းဆက်သွယ်ရေးကတော့ နံပါတ်တစ် ဦးစားပေးလုပ်ရမယ့် ကဏ္ဍမှာပါတယ်။ ပညာရေးကလည်း ဒီလို တချို့ ခက်ခဲတဲ့ဒေသမှာ တော်တော်ခက်တယ်။ ပညာရေးဝန်ထမ်းတွေ ချပေးတာရှိတယ်။ ဒါပေမယ့် ပညာရေး ဝန်ထမ်းတွေချပေးတဲ့ အခါမှာလည်း ဘာဖြစ်လဲဆို လမ်းပန်းဆက်သွယ်ရေးက မကောင်းတဲ့ အခါကြ တော့ အဲဒီပညာရေး ဝန်ထမ်းတစ်ယောက်က အဲဒီဒေသကို ရောက်ဖို့အတွက် လမ်းစရိတ်တွေက ၁၅ သိန်း၊ သိန်း ၂၀၊ သိန်း ၃၀ အဲဒီလို ကုန်တဲ့အခါကြတော့ ပညာရေးဝန်ထမ်းတွေကလည်း အဲဒီဒေသကို တချို့ဆိုရင် တာဝန် ပေးရင်တောင်မှ ထွက်သွားတာတို့ အဲဒီလိုမျိုးတွေရှိတယ်။ အဓိက,ကတော့ လမ်းပန်းဆက်သွယ်ရေးက အရေးကြီး တယ်လို့ပဲ မြင်ပါတယ်။ အစိုးရအာဏာ သက်ရောက်မှုရှိတဲ့ ဥပမာ ခေါင်လန်ဖူးတို့၊ နောင်မွန်းတို့၊ မချမ်းဘောတို့၊ ပူတာအိုတို့ပေါ့နော်။ နောက်ပြီးတော့ ဖားကန့်တို့။ အဓိကတော့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး ကတော့ အဓိကပေါ့ဗျာ။ ဒီဘက်က တနိုင်းတို့၊ ဖားကန့်တို့ကြတော့ သူတို့ လုံခြုံရေးကြောင့်သာ သိပ်မသွားကြတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီဘက်ကတော့ လိုအပ်ချက် နည်းနည်းတော့ နည်းတာပေါ့ ဟိုဘက်ထက်စာရင် အများ ကြီး နည်းပါတယ်” ဟု ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်

လီဆူလူမျိုးအများစု နေထိုင်ရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ် အထက်ပိုင်းဒေသများနှင့် ရှမ်းမြောက် တောင်တန်းဒေသများသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နောက်ကျခဲ့သဖြင့် ဒေသခံများသည် အခြေခံ စားသောက် ကုန်နှင့် ဆေးဝါးများ ရရှိရန်အတွက် ပင်ပန်းကြီးစွာ သွားလာနေရဆဲဖြစ်သည်။

လမ်းပန်းခရီး ကြမ်းတမ်းလွန်းသဖြင့် ပြင်ပကလာသည့် အခြေခံ လူသုံးကုန်ပစ္စည်းများသည် ဒေသတွင်းမှာ အဆမတန် ဈေးကြီးပေးဝယ်ရသလို ဒေသထွက် စိုက်ပျိုးရေး ထွက်ကုန်များ အနေဖြင့် ပြင်ပဈေးကွက်သို့ လွယ်ကူစွာ မပို့ဆောင်နိုင်ဘဲ လမ်းခရီး၌ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် အချို့ဒေသများသည် အစိုးရ၏ အာဏာသက်ရောက်မှု မရှိသဖြင့် လုပ်ကိုင်ရ ခက်ခဲသည့် အနေ အထားဖြစ်ကြောင်း လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်

၎င်းက “အဓိကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာတွေက တော်တော်လေးကို ဖွံ့ဖြိုး တိုးတက်မှုက နောက်ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာရှိတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးတာတင်မကဘဲ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေကလည်း ဒုက္ခဆင်းဆင်းရဲနဲ့ တိုက်ပွဲရှောင်စခန်း တွေမှာ မိုးကာတဲလေးနဲ့ နေရတယ်၊ ထိုင်ရတယ်၊ စားရတယ်၊ သောက်ရတယ် ဆိုတဲ့အခါကြတော့ အများကြီးပေါ့။ လူမှုရေးရော၊ စီးပွားရေးရော နိမ့်ကျတာက ပြောလို့တောင်မှ မနိုင်ဘူးပေါ့။ အဲဒီလောက်အထိတော့ ဖြစ်သွားတယ်။ အဓိကတော့ ကျနော် ဒီဒေသတွေမှာတော့ ကချင် ဆော့လော်။ နိုင်ငံတော်အစိုးရရဲ့ အာဏာသက်ရောက်မှု မရှိ သေးဘူးပေါ့။ အဲဒီဒေသတွေမှာ သက်ရောက်မှုမရှိတော့ အစိုးရဒေသတွေအနေနဲ့ လုပ်ရကိုင်ရ၊ လုပ်ဖို့ ကိုင်ဖို့က တော့ ခက်ခဲပါတယ်။ တစ်ချိန်ကြ နိုင်ငံတော်အစိုးရရဲ့ အာဏာအရိပ်အောက် ပြန်ရောက်ရင်တော့ လုပ်ရမယ့်၊ ကူညီပံ့ပိုးရမယ့် လုပ်ငန်းတွေက အများကြီးပဲ။ လိုအပ်ချက်ကလည်း အများကြီးပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံက လီဆူတိုင်းရင်းသားများ နေထိုင်ရာ ဒေသအများစုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများ ဖြစ်ကြသဖြင့် ဒေသဖွံ့ဖြိုးရေး အခြေအနေနှင့် စိန်ခေါ်မှု အခက်အခဲများသည် ပထဝီဝင်အနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် အများကြီး မူတည်နေသည်။