CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃

တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်-ဆင်ဖြူဂိတ်ပေါက်မှ ကုန်စည်သယ်ဆောင်ခွင့်များအား နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ပိတ်လိုက်သည့်အတွက် မူဆယ်ဒေသခံများ ပိုမို အခက်တွေ့နေကြောင်း ရှမ်းမြောက်ရှိ ပရဟိတအသင်း များမှ CNI သတင်းဌာနသို့ ပြောသည်။

မြန်မာဘက်သို့ ကုန်ကားများ၊ ဆိုင်ကယ်များ အပါအဝင် တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူခြင်းများ အားလုံးကို တရုတ်ဘက်မှ ပိတ်လိုက်ကြောင်း၊ မန့်ဝိန်းဂိတ်ကို တရုတ်ဘက်မှ ကုန် အဝင်/အထွက် ပြုလုပ်နိုင်ရေး ဖွင့်ပေး သော်လည်း မြန်မာဘက်မှ ပိတ်ထားကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “သူတို့ဌာနဆိုင်ရာနဲ့ အစည်းအဝေးတွေတော့ လုပ်တာပဲ။ လောလောဆယ် ဆင်ဖြူပေါက်လည်း ပိတ်ထား ပါတယ်၊ မန့်ဝိန်းပေါက်လည်း ပိတ်ထားပါတယ်။ မူဆယ်ကတော့ သူတို့ဒီလိုကြီး ရေရှည်ပိတ်ထားရင်တော့ ခရီး သွားပြည်သူ အပါအဝင် နယ်ခံတွေကတော့ စားရေးသောက်ရေး နည်းနည်းတော့ ဒုက္ခရောက်မယ်။ ကုန်ဈေးနှုန်း တွေက အဆမတန် တက်လာတယ်။ ကားပိုင်းဆိုင်ရာမှာဆိုရင်လည်း ဆီအခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ လူစား ဆီတွေကအစ အကုန်အခက်အခဲ ဖြစ်သွားတယ်။ အောက်မှာကလည်း ဦးလေးတို့ သတင်းရထားတာကတော့ ရပ်စောက်ဘက်မှာ ကားတွေပိတ်ထားတယ်လို့ ကြားတယ်။ ကြားတော့ မန္တလေးဘက်က ဒီဘက်ကို ပစ္စည်း‌မဝင် ရင် မူဆယ်မှာ ရှိတဲ့လူတွေကတော့ စားဝတ်နေရေးက တော်‌တော်ကို ဒုက္ခရောက်ဖို့က အလားအလာများသွားပြီ။ ဆိုင်ကယ်ဘီးလေးတွေနဲ့ တစ်နိုင်တစ်ပိုင်လေးတွေ သယ်လို့ရတယ်။ အခုလိုပိတ်လိုက်တော့ တစ်နိုင်တစ်ပိုင် လည်း သယ်လို့မရဘူး။ မည်သည့်ပစ္စည်းမှ ထွက်ခွင့်မရှိတော့တာပေါ့” ဟု ပြောသည်။

 မူဆယ်မြို့အဝင်ကိုတွေ့ရစဉ်

မန့်ဝိန်းဂိတ်တွင် တရုတ်ဘက်မှ ပစ္စည်းတင်ထားသည့် ကားငယ်များနှင့် ဆိုင်ကယ်များ မြန်မာဘက်သို့ ဝင်ရောက် ရန် တန်းစီထားသော်လည်း မြန်မာဘက်အခြမ်းမှ ဂိတ်မဖွင့်ပေးသေးကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ပိုင်းကတည်းက တရုတ်ဘက်သို့ မြန်မာဘက်မှ ကုန်စည်တင်ပို့မှုများ မရှိသလောက် ဖြစ်သွားကာ တရုတ်ဘက်မှသာ ကုန်စည်များကို မြန်မာဘက်အခြမ်းသို့ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဂိတ်များ ထပ်မံပိတ်လိုက်သဖြင့် စက်သုံးဆီ ဝယ်မရသည့်အပြင် ကုန်ဈေးနှုန်းများမှာ ပိုမိုမြင့်တက်လာ ပြီး ယွမ်ငွေပေါက်ဈေးမှာ လိုက်မတက်လာသေးသဖြင့် ခံသာနေကြောင်း၊ ယခုကဲ့သို့ ရေရှည် ပိတ်ထားမည်ဆိုပါက ဒေသခံများအတွက် အများဆုံး ၃ လခန့်သာ ခံနိုင်ရည်ရှိနိုင်ကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုတွေ့ရစဉ်

၎င်းက “သိပ်အကြာကြီးတော့ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအတိုင်း ပိတ်ထားရင် ၃ လ၊ ၄ လလောက်နေရင် အစွမ်းပြ လာမယ်ထင်တယ်။ အခုပဲ ကုန်ဈေးနှုန်းတွေက တောက်လျှောက် ထိုးတက်နေတာကို။ ၃ လလောက် ဆိုရင်တော့ တော်တော်လေး သိသိသာသာ ဖြစ်လာမယ်ထင်တာပဲ။ ဘယ်အပေါက်မှ ဝင်လို့မရဘူးဆိုပေမယ့် ကားဝင်းထဲကို ကုန်ကားအကြီးကြီးတွေ ပစ္စည်းအပြည့်နဲ့ ရောက်ရောက်လာတယ်။ ဘယ်လမ်းကြောင်းကနေ ဝင်မှန်းတော့ မသိဘူး။ နေ့တိုင်းရောက်တယ်။ ဟိုဘက်ကနေ ဝင်တဲ့ဟာတွေ။ စားသောက်ကုန်မဟုတ်ဘူး။ လူသုံးကုန်ပဲနေမှာ။ ဖာတွေနဲ့ အိတ်ချပ်တွေနဲ့ဆိုတော့” ဟု ပြောသည်။

တရုတ်အကောက်ခွန်ဌာနမှ ခွင့်ပြုထားသည့် တရားဝင် လမ်းကြောင်းမှသာ ကုန်စည်များအား သယ်ဆောင်ခွင့် ပြုမည်ဟု ရွှေလီမြို့ပြည်သူ့အစိုးရ ဂိတ်ဆိုင်ရာရုံးက အသိပေးကြေညာစာ ထုတ်ပြန်ထားကြောင်း သိရသည်။

သို့သော် မြန်မာဘက်အခြမ်းမှ မဖွင့်ပေးသည့်အတွက် ဘာမှလုပ်မရကြောင်း၊ မြန်မာဘက်မှ တရုတ်ခွင့်ပြုသည့် ဂိတ်ပေါက်များကို ပြန်ဖွင့်ပေးမည်ဆိုပါက ဒေသခံများအတွက် အသက်ရှူ ချောင်စေနိုင်ကြောင်းလည်း ပရဟိတအသင်းများက အကြံပြုသည်။