CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆

တရုတ်နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ ခြင်းနှင့်ပတ်သက်ပြီး မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်သွားမည်ကို စိုးရိမ်မှုမရှိကြောင်း နယ်စပ် ကုန်သွယ်ရေးမှ ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု နည်းပါးခြင်းကြောင့် ကုန်သွယ်ရေးဂိတ်များ လတ်တလော၌ ပိတ်နိုင်ခြေ မရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ ဆန်- ပဲ- ပြောင်းများ တင်ပို့မှုသည် ယခုအချိန်ထိ နေ့စဉ် ပုံမှန် ဝင်ရောက် လျက်ရှိသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။ 

တရုတ်သို့ သွားမည့် ကုန်ကားတစ်စီးကိုတွေ့ရစဉ်

 ၎င်းက “တရုတ်နိုင်ငံမှာ ကိုဗစ်ပိုးတွေ တွေ့ရှိတဲ့အတွက် လော့ဒေါင်းတွေ ချထားတယ်။ ဒါပေသည့် နယ်စပ်ဒေသ ကို အဲကိစ္စက မထိခိုက်လာဘူး ဆန်၊ ဆန်ကွဲ၊ ပြောင်းမှာပေါ့နော်။ ကျန်တဲ့ အသီးပိုင်းကတော့ မပြောတတ်ဘူး။ ဆန်တို့၊ ဆန်ကွဲတို့၊ ပြောင်းတို့၊ ပဲမျိုးစုံတို့ကတော့ နေ့တိုင်း ဝင်နေတာပဲ။ ဒီအတိုင်းပဲ ပုံမှန် ဝင်ထွက် သွားလာနေ တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ပိုး တွေ့ရှိမှုနှုန်းက ဒီထက်များလာရင်တော့ ကျင်စန်းကျော့ဂိတ် ပိတ် မှာကိုတော့ စိုးရိမ်တယ်။ ဒါကတော့ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိတ်ပေါက် တစ်ပေါက်တည်း ရှိတာဆို တော့ ဒီဂိတ်ပေါက်ကိုတော့ မပိတ်နိုင်ပါဘူး လောလောဆယ်။ ပြီးခဲ့တဲ့ တတိယလှိုင်း တုန်းကတော့ ၂၀၂၁၊ ဇူလိုင် တုန်းက တော်တော်ဆိုးလို့ မြန်မာပြည်ဘက်ခြမ်းမှာ တော်တော်ဆိုးလို့။ အခုက မြန်မာပြည် ဘက်ခြမ်းမှာ တော် တော် မဆိုးဘူးလေ။ မူဆယ်မှာ ကိုဗစ်ရောဂါပိုးက တွေ့ရှိမှုက မရှိသလောက် ဖြစ်သွားပြီ။ ဒါကြောင့် သူတို့က လည်း တစ်ဖက်နိုင်ငံရဲ့ ကိုဗစ်ရောဂါပိုး အခြေအနေကို ကြည့်ပြီးတော့ သူက ဖွင့်ပေးတာ။ အခု ဖွင့်ပေးထားတယ် ဆိုတာ မူဆယ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတဲ့သူ လုံးဝနည်းသွားတဲ့အတွက် ဖွင့်ပေးထားခြင်းဖြစ်တယ် အဓိကက” ဟု ပြောသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိ၌ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးဂိတ် တို့ ဖွင့်လှစ်ထားကြောင်း၊ နန်းတော်ဂိတ်- ဆင်ဖြူဂိတ်- မန့်ဝိန်းဂိတ်နှင့် ဂျယ်ဂေါင်ဂိတ်တို့မှာ ပိတ်ထားကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များသည် တရုတ်နိုင်ငံအတွင်း ကိုဗစ်ပိုး ပျံ့နှံ့မှု အခြေအနေ နှင့် ထိန်းချုပ်သည့် အနေအထားပေါ် မူတည်၍ အဖွင့်အပိတ် မကြာခဏ လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်သည်များအနေဖြင့် ကုန်သွယ်ရေးကို မည်သို့ လုပ်ဆောင်ရမည်ကို ကျင့်သားရရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အသီးအနှံများကို တင်ဆောင်ထားသော ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ ပိတ်လိုက်ဖွင့်လိုက် လုပ်နေတော့ ရိုးတောင် ရိုးနေပါပြီ။ သူတို့က ပိတ်လိုက်ဖွင့်လိုက်နဲ့ သွားနေတော့ အခုက ဘာတစ်ခု ကောင်းလဲဆိုတော့ ကျင်စန်းကျော့ပေါ့နော်၊ မူဆယ်ဘက်မှာ ဖြစ်ပေမယ့် ချင်းရွှေဟော်၊ လောက်ကိုင်ဘက်မှာ မဖြစ်ဘူး။ မဖြစ်ရင် ဖွင့်ပေးထားတယ်။ ဒါမျိုးတွေတော့ ရှိတယ် အဲလိုတော့ သွားနေကြတာပဲ။ သူတို့က ပိတ်ချင်ရင်လည်း ဟိုတစ်ယောက်တွေ့တယ်၊ ဒီတစ်ယောက်တွေ့တယ် ဖြစ်ပြန်တယ်။ အလုပ်လုပ်လို့ မကောင်းဘူးပေါ့နော်။ ကိုယ့်ဟာကိုယ် တော်တော်လေးကို သတိထားပြီးတော့ လုပ်နေရတဲ့ အစိတ် အပိုင်းရှိတယ်။ ကုန်ခြောက်ကတော့ ပြဿနာ မရှိဘူးလေ။ ဆန်တို့၊ ဆန်ကွဲတို့လည်း သွားနေတာပဲ။ ရာသီပေါ် ပို့ ကုန် တွေကတော့ နည်းနည်း သတိထားရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံအတွင်း၌ ကိုဗစ်တွေ့ရှိမှုများ ရှိနေကြောင်း၊ Zero Covid စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ကြောင့် တချို့သော မြို့နယ်များတွင် အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း၊ ထို့ကြောင့် တရုတ် ကုန်သည်တချို့ မြန်မာနိုင်ငံဘက်ခြမ်းသို့ လာရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် ရာသီပေါ် သီးနှံလည်းဖြစ် ကုန်စိမ်းသီးနှံလည်း ဖြစ်သည့် ဖရဲနှင့်သခွားများသည် ဝယ်ယူသူ နည်းပါးနေ ပြီး ဈေးနှုန်းများလည်း ကျဆင်းနေကြောင်း သိရသည်။

ထို့နောက် တရုတ်သို့ တင်ပို့မည့် ဖရဲကားတချို့သည် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် တင်ဆောင်ပြီး ပြည်တွင်း ဈေးကွက်တွင် ရောင်းချနေကြရကြောင်း သိရသည်။