CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

ကြက်သွန်အဓိက စိုက်ပျိုးရာ ဒေသများဖြစ်သည့် မြစ်သား၊ ပခုက္ကူ၊ ယောဒေသတို့တွင် ကြက်သွန်စိုက်ပျိုးချိန်၌ မြေဩဇာ လုံလောက်စွာ အသုံးပြုနိုင်ခြင်း မရှိသည့်အတွက် အထွက်နှုန်းများ လျော့ကျ၍ ကြက်သွန်ဈေးနှုန်း မြင့်တက်လာနေကြောင်း ကြက်သွန်ကုန်သည်များက ပြောသည်။

ပခုက္ကူ ကြက်သွန်ဒိုင်နှင့် ပွဲရုံများတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ဝန်းကျင်ခန့်ရှိသော်လည်း ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တစ်ပိဿာ ၅၀၀၀ အထိ ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း တွေ့ရ သည်။

ထိုသို့ ဈေးနှုန်း မြင့်တက်ရခြင်းသည် ကြက်သွန်ထွက်ရှိမှုနှုန်း အဆမတန် လျော့ကျသွားခြင်းကြောင့် ဖြစ်သည်ဟု ပခုက္ကူမြို့ ကုန်သည်ပွဲစားများအသင်းမှ ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီ ရောင်းနေသော ဈေးသယ်တစ်ဦးနဲ့ ၀ယ်နေသူ တစ်ဦးကို တွေ့ရစဉ် (GETTY IMAGES)

၎င်းက “မြေဆီကလည်း မြေဩဇာ မထည့်လိုက်ရတော့ ကြက်သွန်ထွက်အား နည်းတာပေါ့။ တစ်ဧကကို အခု ဦးတို့ဆီဝင်တဲ့ တောင်သူတွေဆိုရင် တစ်ဧကကို ၁၀၀၀ တို့၊ ၈၀၀ တို့ ပိဿာချိန် အဲလောက်ပဲ ထွက်တာ။ အမှန် တကယ်က ပိဿာ ၃၀၀၀ လောက်ကို ထွက်ရမှာလေ။ တော်တော်ကြီး လျော့တာကို အဲတာကြောင့် ကြက်သွန် ဈေး အဲလိုဖြစ်သွားတာ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံများမှ ကြက်သွန်ဈေးနှုန်းများသည် မြစ်သား ကြက်သွန် တစ်ပိဿာလျှင် ၄၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ထို့နောက် ကြက်သွန်များကို အဆင့်ဆင့် သယ်ဆောင်ကြရာ၌ ကုန်ကျစရိတ်များအား ထည့်တွက် ကြည့်သည့်အခါ ကြက်သွန်ဈေးနှုန်းများသည် လက်လီဈေးကွက်တွင် တစ်ပိဿာ ၅၀၀၀ အထိ မြင့်တက်သွားခြင်းဖြစ်သည်ဟု ကြက်သွန်ပွဲရုံများက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ကြက်သွန်ဈေးနှုန်းသည် ဇန်နဝါရီလအထိ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း၊ နွေကြက် သွန်များ ပေါ်သည့်အချိန် မတ်လလောက်မှ ကြက်သွန်ဈေးနှုန်းမှာ တစ်ပိဿာ ၁၀၀၀ ဝန်းကျင်သို့ ရောက်ရှိသွား မည်ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ မနောသုခပွဲရုံမှ ဦးစိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီ စိုက်ပျိုးနေသည့် တောင်သူတစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “၁ လပိုင်းလောက်အထိက ဒီလိုနေဦးမှာပေါ့။ ၃ လပိုင်းဆိုရင်တော့ နွေကြက်သွန် ပြန်ပေါ်မှာပေါ့လေ။ ၃ လပိုင်းကျော် လကုန်ဆိုရင် နွေကြက်သွန်က စပြီလေ။ နွေကြက်သွန် စပြီဆိုတော့ ဒီဈေးတွေ မရှိပါဘူး။ ၁၀၀၀၊ ၉၀၀ ပါပဲ။ သူ့ဟာသူ အလိုလို ကျသွားမှာပါ။ ပြီးခဲ့တဲ့နှစ်က နွေအဟောင်းမှာ ကျထားတော့ ပြီးခဲ့တဲ့နှစ်က ၁၁ လ ပိုင်းမှာ ဈေးက ၃၀၀၊ ၄၀၀ တစ်ပတ်လည်ပဲ ရှိတာကိုး။ အဲဒီအခါကျတော့ မိုးကြက်သွန် ပေါ်တဲ့အချိန် ၁၂ လပိုင်း ပေါ်တဲ့ အချိန်ကျတော့ သူကလည်း အဲဒီဈေး မှီပြီးတော့ လိုက်သွားတာကို ၄/၅/၆၀၀ နဲ့။ မနှစ်က ထွက်နှုန်းက ပုံမှန်ထွက်တယ်။ ပုံမှန် အရောင်းအဝယ် ဖြစ်တယ်ဆိုတော့ ဈေးကွက်လည်း သိပ်မတက်နိုင်တဲ့ သဘောပေါ့။ အခု က ဒီနှစ်က ထွက်နှုန်း တစ်ဝက်လောက် ကျတယ်။ စိုက်အားကျတယ်။ အထွက်နှုန်းကျတယ် အဲလိုကြောင့်ပါ” ဟု ပြောသည်။

ယခုကာလသည် မိုးကြက်သွန်အသစ်များ ထွက်ရှိသည့် အချိန်ကာလဖြစ်ပြီး အသစ်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကျဆင်းလေ့ ရှိသော်လည်း စိုက်ပျိုးမှုနှုန်း နည်းပါးခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အခက်အခဲနှင့် ထွက်ရှိ မှုနှုန်း ထက်ဝက်ခန့် လျော့ကျနေခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။