CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက်တိုးပြီး ၆၄ သင်းနဲ့ကျင်းပဖို့ တရားဝင် အဆိုပြုခဲ့ပါတယ်။ 

ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေကို အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပပြီးနောက် စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။ 

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ထပ်ပြီး တိုးပြီးကျင်းပဖို့ CONMEBOL က ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ဒီအဆိုပြုချက်ကို သုံးသပ်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ၄၈ သင်းအထိ တိုးပြီးကျင်းပဖို့ကို ဖီဖာကွန်ဂရက်မှာ မဲခွဲခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖီဖာရဲ့၇၅ ကြိမ်မြောက် ကွန်ဂရက်ကို မေလ ၁၅ ရက် ပါရာဂွေးနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေပြီး ဒီကွန်ဂရက်မှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်တာပါ။

ဒီအဆိုပြုမှုကို အတည်ပြုခဲ့မယ်ဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း ၁၂၈ ပွဲအထိ မြင်တွေ့ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဆီဖာရင်ကတော့ ဒီအဆိုပြုမှုဟာ ဆိုးရွားတဲ့ အတွေးအခေါ် ဖြစ်တယ်လို့ အခုလအစောပိုင်းက ပြောထားတာပါ။ 

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက်မှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲကို ဥရောပတိုက်က စပိန်နဲ့ပေါ်တူဂီ ၊အာဖရိကတိုက်က မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပ သွားမှာပါ။

၁၉၃၀ ခုနှစ်က စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တောင်အမေရိကတိုက်က အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ အဖွင့်ပွဲစဉ် ၁ ပွဲစီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: BBC