CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၁

ဟေတီအသင်းရဲ့အင်္ကျီဟာ စစ်ပွဲမြင်ကွင်းကို ပုံဖော်ထားပြီး ဖီဖာရဲ့စည်းမျဉ်းနဲ့ မကိုက်ညီတဲ့အတွက် ကမ္ဘာ့ဖလား ဖွင့်ပွဲမတိုင်မီ သူတို့ရဲ့ဝတ်စုံဒီဇိုင်းကို ပြောင်းလဲခဲ့ရပါတယ်။

၁၈၀၃ ခုနှစ်မှာ ဟေတီနိုင်ငံလွတ်လပ်ရေးရရှိစေခဲ့တဲ့ ဗာတီရက်စ်တိုက်ပွဲရဲ့သရုပ်ဖော်ပုံကို နိုင်ငံရဲ့အလံနဲ့အတူ ဟေတီအသင်းဂျာစီမှာ ထည့်သွင်းခဲ့တာပါ။ 

ဟေတီအသင်းဟာ ပြီးခဲ့တဲ့ခြေစမ်းပွဲ ၂ ပွဲစလုံးမှာ ဒီအင်္ကျီကို ဝတ်ဆင်ပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့စည်းမျဉ်းအရ နိုင်ငံအသင်းတွေဟာ သူတို့ရဲ့ဝတ်စုံပေါ်မှာ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်တွေနဲ့ ဘယ်လိုဆောင်ပုဒ်မျိုးကိုမဆို ထည့်သွင်းတာကို ပိတ်ပင် ထားပါတယ်။ 

အဲဒါကြောင့် ဟေတီအသင်းရဲ့ဝတ်စုံကို ထုတ်လုပ်ပေးတဲ့ ကိုလံဘီယာဝတ်စုံထုတ်ကုမ္ပဏီ Saeta က ဝတ်စုံဒီဇိုင်းကို ပြောင်းလဲပေးခဲ့ရတာပါ။

Saeta ကတော့ သူတို့ရဲ့ဝတ်စုံဒီဇိုင်းဟာ ဟေတီရဲ့အနာဂတ်အတွက် နေ့စဉ်နေ့တိုင်းပါဝင်ကူညီနေတဲ့ အမျိုးသား နဲ့အမျိုးသမီးတွေကို ဂုဏ်ပြုတာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာကြေညာချက်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ဟေတီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅၂ နှစ်အကြာမှ ပထမဆုံးပြန်ပြီး ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ 

ဘရာဇီးလ်၊မော်ရိုကို၊စကော့တလန်အသင်းတို့နဲ့ ခက်ခဲတဲ့အုပ်စုထဲကျရောက်နေတဲ့ ဟေတီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC