CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်နဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့ဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် သူတို့ရဲ့ တတိယနဲ့ နောက်ဆုံးအကြိမ်လေလံတင်သွင်းမှုကို ဧပြီလ ၂၈ ရက်က ပြုလုပ် သွားခဲ့ပါတယ်။

ရှိတ်ဂျာဆင်မ်နဲ့ ရက်ကလစ်ဖ်တို့နှစ်ဦးဟာ ဂလေဇာမိသားစုဆီကနေ ပရီးမီးယားလိဂ်ကလပ်ကို ဝယ်ယူနိုင်ဖို့ အတွက် အဓိကပြိုင်ဘက်တွေအဖြစ် ရှိလာပြီးနောက် အပြိုင်အဆိုင် လေလံတင်သွင်းကမ်းလှမ်းမှုတွေ ပြုလုပ် လာခဲ့ကြတာပါ။ရှိတ်ဂျာဆင်မ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဟာ ပေါင် ၅ ဘီလီယံကျော်ရှိတယ်လို့ သတင်း တွေမှာ ဖော်ပြထားပေမယ့် ရက်ကလစ်ဖ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှု ပမာဏကိုတော့ မသိရသေးပါဘူး။ သူတို့နှစ်ဦးဟာ တတိယအကြိမ်လေလံတင်သွင်းဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ သောကြာနေ့မှာ အောင်မြင်စွာ တင်သွင်းနိုင်ခဲ့တာပါ။

ကာတာဘဏ်လုပ်ငန်းရှင်ဖြစ်တဲ့ ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်အသင်းကို ၁၀၀ ရာခိုင်နှုန်းရယူချင်ပြီး သူဟာ အသင်းအတွက် အပြောင်းအရွှေ့တွေနဲ့ အခြေခံအဆောက်အဦတွေအတွက် ငွေကြေးအများအပြားသုံးစွဲမယ်လို့ ကတိပြုထားကြောင်း သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်အသင်းရဲ့ ခေတ်မမီတော့တဲ့ အိုးထရက်ဖိုဒ့်ကွင်းကို ပြန်လည်ပြင်ဆင်ခြင်း ဒါမှမဟုတ် အသစ်တည်ဆောက်တာနဲ့ ကလပ် ရဲ့လေ့ကျင့်ရေးအဆောက်အဦတွေကို ပြုပြင်မွမ်းမံတာတွေပါ ပြုလုပ်ပေးသွားမယ်လို့ ကတိပြုထားတာပါ။

ဒါ့အပြင် ရှိတ်ဂျာဆင်မ်ဟာ အသင်းရဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာသန်း ၆၂၀ ကိုလည်း ကင်းစင်သွားအောင် လုပ်ပေးမယ်လို့ ပြောထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူ ချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ရက်ကလစ်ဖ်ရဲ့ ဝယ်ယူမှုမှာ အေဗရန်နဲ့ ဂျိုရယ်လ် ဂလေဇာ တို့က ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်နဲ့ အသင်းရဲ့ အစုရှယ်ယာရှင်အဖြစ် ဆက်ရှိမှာဖြစ်လို့ ယူနိုက်တက် ပရိသတ် တွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို အားကစားကလပ်တစ်ခုအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၆ ဘီလီယံအထိ ရရှိချင်နေတာဖြစ်ပါတယ်။ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းအတွက် ရင်းနှီးမြုပ်နှံမှု အသစ်လိုအပ်တာကြောင့် ဂလေဇာမိသားစုဆီကနေ ပိုင်ရှင်အသစ်အမြန်ဆုံး လွှဲပြောင်းရယူတာကို လိုချင်နေကြ တာပါ။ယူနိုက်တက်ပရိသတ်တွေဟာ အိုးထရက်ဖိုဒ့်မှာ ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ ဂလေဇာ မိသားစုကို ဆန္ဒပြမှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ကာရာဘောင်းဖလားရယူထားပြီး ၆ နှစ်ကြာဆုဖလားလက်မဲ့ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့သလို ဇွန်လ ၃ ရက်မှာ မန်စီးတီးအသင်းနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia