CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းမှာ စွဲချက်တင်ခံထားရတဲ့ အမှုတွေ အားလုံးကနေ ရုပ်သိမ်းခံခဲ့ရတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဂရင်းဝုဒ်ဟာ ယူနိုက်တက် အသင်းအတွက် ဂိုးအများအပြား သွင်းယူထား နိုင်တယ် ဆိုတာကို အတိတ်မှာ သူပြသခဲ့ပြီးပါပြီ။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျနော့်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိပါ ဘူး”လို့ The Times ကို ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ဘောလုံးကစားခြင်းကနေ ဆိုင်းငံ့ခံထားရတာ ဖြစ်ပေမယ့် သူ့ကို စွဲချက်တင်ထားတာ တွေကို အခုနှစ် ဖေဖော်ဝါရီလက ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က သူ့ကို ကလပ်အတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ကြောင့် ဂရင်းဝုဒ်ဟာ အသင်းအတွက် ပြန်လည် ကစားခွင့်မရသေးပါဘူး။

ဂရင်းဝုဒ်ကို တွေ့ရစဉ်


ဂရင်းဝုဒ်ဟာ အသင်းအတွက် ပြန်ကစားပေးဖို့ စိတ်အားထက်သန်နေပေမယ့် ဒီလို အခြေအနေတွေ ကြောင့် ယူနိုက်တက်အတွက် ပြန်ကစားပေးတော့မှာ မဟုတ်တော့ဘူးလို့ သူငယ်ချင်းတွေကို ပြောခဲ့ ကြောင်း သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ဂရင်းဝုဒ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ကစားသမားရဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပေမယ့် အသင်းဘက်က အခုအချိန်ထိ ဆုံးဖြတ်ချက် မပြတ်သား သေးတာပါ။

လက်ရှိအချိန်မှာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်းအပြင် အီတလီ ကလပ်တွေနဲ့ တူရကီကလပ်တွေက စိတ်ဝင်စားနေပြီး ကစားသမားရဲ့ ယူနိုက်တက် အခြေအနေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကမှ ၄ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၇၅,၀၀၀ ရရှိနေတာပါ။

အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ ယူနိုက်တက် အသင်းကြီးအတွက် စတင် ပါဝင်ခွင့်ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူထားပါတယ်။

Source: Daily Mail