CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၆

ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်က လီဗာပူးလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲမှာ ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ခြင်းမရှိဘူးလို့ ပြစ်တင် ပြောဆို လိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ရလဒ်က တော်တော်လေးကို ဆိုးရွားပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ကောင်းမွန်စွာ ကစား နိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ကျနော်တို့ဟာ ပွဲကို မြန်မြန်ဆန်ဆန်ပဲ စွန့်လွှတ်ခဲ့ရပါတယ်။

ဘောလုံးနဲ့ ပတ် သက်ပြီး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ပါတယ်။ တတိယဂိုးဆိုရင် တန်ပြန်တိုက်စစ်ကနေ ပေးခဲ့ရတာပါ။ ကျနော်တို့ဟာ ဆုံးဖြတ်ချက်တွေချတဲ့ နေရာမှာ ပရော်ဖက်ရှင်နယ် မဆန်ခဲ့ပါဘူး။ အဝေးကို ပြေးတာတွေ၊ နေရာ လွတ်တွေ ပေးတာတွေနဲ့ နောက်ကို ပြန်ပြီးမလိုက်တာတွေပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၆ ဂိုးအထိ ခွင့်ပြုပေးခဲ့ ရပြီး အရှက်ရဖွယ် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အတွက် ဂိုးတွေကို ဆာလတ်၊ ဂတ်ပိုနဲ့ ဒါဝင်နူနက်ဇ်တို့က ၂ ဂိုးစီ သွင်းယူခဲ့ပြီး ဖာမီနိုက ၁ ဂိုး သွင်းယူခဲ့တာပါ။

လီဗာပူးလ်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကာရာဘောင်းဖလား အနိုင်ရပြီး ၆ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့သလို အက်ဖ်အေဖလားမှာလည်း ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်နဲ့ အရှုံးရလဒ်ဟာ အဲရစ်တန်ဟတ်ကို ဒေါသထွက်စေခဲ့ပြီး ဒီအသင်းကို ယူနိုက်တက်လို့ မထင်ဘူးလို့လည်း ဒတ်ချ်လူမျိုးနည်းပြက ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၂၆ က ဘလက်ဘန်း၊ ၁၉၃၀ က အက်စတွန်ဗီလာနဲ့ ၁၉၃၁ က ဝုလ်ဗ်စ် အသင်းတို့ ကိုလည်း ဒီလိုမျိုး ၇ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာအကြာမှ ဆိုးရွားတဲ့ရလဒ်ကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေတဲ့ အချိန်မှာ အသင်းအဖွဲ့အနေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ရမှာ ဖြစ်ပေမယ့် ကျနော်တို့ ဒါကို မလုပ်နိုင်ခဲ့လို့ အံ့သြမိပါတယ်။ ဒါကို ကျနော်တို့အသင်းမှာ မြင်တွေ့ ခဲ့ရတာကို အံ့သြမိပါတယ်။ ဒါကို ကျနော်တို့လို မထင်သလို၊ ယူနိုက်တက်အသင်းလို့လည်း မထင်ပါဘူး။ မနက်ဖြန် ကျရင် သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး ဒီအကြောင်းကို ပြောရမယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်ကတော့ အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ ရှင်သန် လာခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail