CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

ရုရှားတင်းနစ်သမား ရူဘလက်ဗ်ဟာ ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးတောင်းဆိုမှုကို ထပ်ပြီး ပြောသွားခဲ့ပါတယ်။

ရူဘလက်ဗ်က “ဘာမှမဖြစ်သလိုမျိုး လုပ်လို့မရပါဘူး။ ဒါဟာ ကြောက်ဖို့ကောင်းပါတယ်။ သာမန်ပြည်သူတွေ အများအပြား ဒုက္ခရောက်ပြီး သေဆုံးနေကြရတာက ရူးသွပ်စရာပါပဲ။ မိုဘိုင်းဖုန်း၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ တွေရှိတဲ့ အချိန်မှာ ဒီလိုမျိုးဖြစ်နေတာက မလွယ်ကူပါဘူး။ ကျနော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က မကြာ ခင်မှာ နိုင်ငံတိုင်း ငြိမ်းချမ်းဖို့ပါပဲ”လို့ ပြောခဲ့တာပါ။

ရူဘလက်ဗ်ဟာ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ဇက်ဗာရက်ဗ်ကို ၆-၃၊ ၇-၆ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ ဂျိုကိုဗစ်ကို အနိုင်ရခဲ့တဲ့ တစ်နိုင်ငံတည်းသား မက်ဗီဒက်ဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရူဘလက်ဗ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ရက်ပိုင်းအကြာ ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်နေချိန် ကင်မရာမှန်ဘီလူးပေါ်မှာ “ကျေးဇူးပြုပြီး စစ်ပွဲမဖြစ်ပါနဲ့”လို့ ရေးသားခဲ့တာပါ။

ရူဘလက်ဗ်ကိုတွေ့ရစဉ်

လက်ရှိအချိန်မှာ တင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ ကြားနေအလံအောက်မှာသာ ဝင်ရောက် ယှဉ်ပြိုင်နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ခွင့် ရနိုင်မလားဆိုတာကို စောင့်ကြည့်နေ ကြတာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ရူဘလက်ဗ်ဟာ ATP ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၁၂ ကြိမ် ရယူထားတာကြောင့် အခု ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမှာ ၁၃ ကြိမ်မြောက် ရယူဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။

ရူဘလက်ဗ်ဟာ ဂရမ်းဆလမ်းပြိုင်ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ်အထိသာ တက်ရောက် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC