CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲကို ဒါဘီပွဲစဉ်လို ခံစားရတယ်လို့ လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်က “ရိုးရိုးသားသား ပြောရရင် ဒီပွဲက ကျနော့်အတွက်တော့ ဒါဘီပွဲပါ။ ဒါက ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်ပြီး နှစ်တွေ ကြာလာတာနဲ့ အမြဲတမ်းခက်ခဲတဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။ သူတို့ လုပ်ဆောင်နေတဲ့ အရာတွေကို လေးစားပါ တယ်။ ဒါကြောင့် ဒီပွဲဟာ ကြီးမားတဲ့ ပွဲဖြစ်လာမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် ၃ မှတ်ထက်ပိုပြီး တန်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလား ရယူနိုင်ဖို့ ၁၀၀ ရာခိုင်နှုန်းတိုက်ပွဲ ဝင်နေတယ် ဆိုတာကို ကျနော်သိသလို၊ လူတိုင်းလည်း ဒါကို သိပါတယ်။ ကျနော်တို့အတွက်လည်း ဒီပွဲက အလွန်အရေးကြီးပါ တယ်။ ကျနော်တို့ သွားချင်တဲ့ နေရာနဲ့ နီးစပ်အောင် နောက်တစ်ဆင့် တက်ရမှာဖြစ်ပြီး ဒါကို လုပ်နိုင်မယ်လို့ ထင် ပါတယ်။ ဒါပေမယ့် ကျနော်တို့ သက်သေပြရမယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနေပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်သင်း ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းက ယူနိုက်တက်က ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မနှစ်ကရာသီ အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်က ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ လီဗာပူးလ် အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့အတွက် အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

 လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ကလော့ပ်က “ကျနော်တို့ဟာ အရှေ့မှာရှိတဲ့ အသင်းတွေအကြောင်းကို တွေးနေမှာ မဟုတ်ဘဲ ပွဲတစ်ပွဲပြီး တစ်ပွဲ ကို အရှိန်အပြည့်နဲ့ ကစားသွားမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကောင်းမွန်တဲ့အရာတွေ အများကြီး ဖြစ်ခဲ့ပေမယ့် ရီးရယ်လ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ဒီလိုမျိုး မခံစားခဲ့ရပါဘူး။ အခုဆိုရင် လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပြီဆိုပေမယ့် နောက်ထပ် ခြေလှမ်းတွေကို ထပ်ပြီးလုပ်ရဦးမှာပါ”လို့ ပြောခဲ့ တာပါ။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ရီးရယ်လ်အသင်းကို အရေး နိမ့်ထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲနိုင်မယ့် အခြေအနေ ရှိတာကြောင့် ဒီရာသီမှာ ဆုဖလား လက် မဲ့နဲ့ ရာသီသိမ်းရဖို့ ရှိပါတယ်။

အဲဒါကြောင့် ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားပြီး လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

Source: Daily Mail