CNI International News
လန်ဒန်၊ ဇူလိုင် ၂၂
ရုရှားသည် ယူကရိန်းတွင် ခြေကုန်လက်ပန်း ကျတော့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ လျှို့ဝှက် သတင်းထောက်လှမ်းရေး အဖွဲ့(MI6) အကြီးအကဲက ပြောကြားခဲ့သည်ဟု Sky News မီဒီယာက ရေးသားဖော်ပြသည်။
လာမည့် ရက်သတ္တပတ်များအတွင်း ယူကရိန်းအရှေ့ပိုင်းရှိ စစ်မြေပြင်သို့ စေလွှတ်မည့် တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ ထပ်မံရှာဖွေရန် ခက်ခဲသဖြင့် သမ္မတပူတင်၏ လုပ်ဆောင်ချက်များ ခေတ္တရပ်ရမည်ဖြစ်ကြောင်း MI6 အကြီးအကဲ ရစ်ချက်မိုး က ပြောကြားခဲ့သည်။
“ယူကရိန်းသည် ကမ္ဘာ့ဇာတ်ခုံမှ ပျောက်ကွယ်သွားလိမ့်မည်”ဟု စစ်ပွဲအကြောင်း နောက်ဆုံးရ သတင်းများတွင် ရုရှားက သတိ ပေးလျက်ရှိကြောင်း တွေ့ရသည်။
MI6 အကြီးအကဲ ရစ်ချက်မိုး
ကင်ဆာကဲ့သို့ ပြင်းထန်သော ရောဂါများ ဖိစီးနေကြောင်း ကောလာဟလ ထွက်ပေါ်နေသည့် ပူတင်၏ ကျန်းမာရေး အခြေအနေကိုလည်း အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ အက်စပန်ဒေသတွင် ကျင်းပခဲ့သည့် လုံခြုံရေးဖိုရမ်တစ်ခုတွင် MI6 အကြီးအကဲ ရစ်ချက်မိုးက သဘောထား မှတ်ချက်ပေးခဲ့သည်။
“ပူတင်ဟာ ဆိုးဆိုးရွားရွား ကျန်းမာရေး ချို့တဲ့နေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
ဇူလိုင် ၂၀ ရက်တွင် ကျင်းပသည့် အဆိုပါ လုံခြုံရေးဖိုရမ်တွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ညွန်ကြား ရေးမှူး ဝီလျံဘန့်စ်ကလည်း ပူတင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများကို ပယ်ချခဲ့ပြီး ၎င်းသည် “ကျန်းမာလွန်းနေသည်” ဟု ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်
ယူကရိန်းစစ်ပွဲတွင် ရုရှားသည် ၎င်း၏ကနဦး စစ်ရေးရည်မှန်းချက်များ အထိနာခဲ့ကြောင်း၊ ကျူးကျော်စစ် စတင်စဉ်က ယူကရိန်းအစိုးရကို ဖြုတ်ချရန်နှင့် ကိယက်ဗ်ကို သိမ်းပိုက်ပြီး နေတိုးမဟာမိတ် အဖွဲ့အတွင်း ပိုင်းခြားနိုင်ရန် ရုရှားဦးတည်ခဲ့ ကြောင်း ရစ်ချက်မိုးက ဆက်လက် ပြောကြားခဲ့သည်။
ယခု စစ်ပွဲဖြစ်ပွားနေဆဲ ယူကရိန်း၏ အရှေ့ဘက်တွင်လည်း ရုရှား၏ အားစိုက်မှုမှာ လျော့ကျလာခဲ့သည်။
ရစ်ချက်မိုးက “သူတို့(ရုရှား) ခြေကုန်လက်ပန်း ကျတော့မယ်ထင်တယ်။ ကျနော်တို့ အကဲဖြတ်ချက်ကတော့ ရုရှားတွေဟာ လူအင်အား၊ လက်နက်အင်အား ရှာဖွေရတာ ပိုခက်ခဲလာမယ်လို့ ကျနော်ထင်တယ်။ လာမယ့် အပတ်တွေမှာ သူတို့ဘာသာ သူတို့ တနည်းနည်းနှင့် ခေတ္တတဖြုတ် အပစ်အခတ် ရပ်ရလိမ့်မယ်။ အဲဒါက ယူကရိန်းနိုင်ငံသားတွေအတွက် ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး ရလာမှာ။ ယူကရိန်းတွေရဲ့ စိတ်ဓာတ်က ခိုင်မာနေတုန်းပဲ။ လက်နက်ကောင်းတွေလည်း အများကြီး တိုးနေပါပြီ။ ယူကရိန်း နိုင်ငံသားတွေဟာ သူတို့ကိုယ်သူတို့ ပြန်ခုခံနိုင်စွမ်းကို လက်တွေ့ပြဖို့ အရေးကြီးတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
Source: Sky News