CNI International News

မော်စကို၊ ဒီဇင်ဘာ ၁၂

ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့ရှိ ရန်သူများထံမှ မိမိကိုယ်ကို ကာကွယ်ရန် ရုရှားနိုင်ငံသည် မျိုးဆက်သစ်လက်နက်များထုတ်လုပ်ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောသည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

“ဖျက်အားပြင်းလက်နက်ထုတ်လုပ်နေမှုကို အရှိန်မြှင့်တင်နေပါတယ်။ အဲဒီထဲမှာ နိယာမသစ်များကို အသုံးပြုရတဲ့ လက်နက်များလည်းပါဝင်နေပါတယ်” ဟု မက်ဗီဒက်ဗ်က တယ်လီဂရမ်မှာ ပြောခဲ့သည်။

“ရန်သူများဟာ ကျွန်တော်တို့မူလရင်းမြစ်ဖြစ်တဲ့ မာလိုရော့စီယာ (Malorossiya) ရှိ ကိယက်ဗ် (Kyiv) တွင်သာ မဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့အပါအဝင် နာဇီဝါဒကို လက်ခံတဲ့ တခြားကမ္ဘာ့နေရာများမှာရှိနေပြီ” ဟုလည်း သမ္မတဟောင်းက ပြောသည်။

ရုရှား၏ အသံထက်မြန်သော ဒုံးကျည်ကို တွေ့ရစဉ်(ဓါတ်ပုံ-TASS)

ရုရှားဘုရင်များလက်ထက်က ရုရှားအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော လက်ရှိ ယူကရိန်းနိုင်ငံ တည်ရှိရာ နယ်မြေကို ရည်ရွယ်ကာ မာလိုရော့စီယာဟု ၎င်းက ရည်ရွယ်သုံးနှုန်းခဲ့ခြင်းလည်းဖြစ်သည်။

မက်ဗီဒက်ဗ်သည် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်နက် များနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကိုတော့ ပြောဆိုခဲ့ခြင်းမရှိပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)သည်လည်း ရုရှားသည် အသံထက်ပိုမြန်သော လက်နက်များအပါအဝင် လက်နက်သစ်များကို ထုတ်လုပ်နေသည်ဟု မကြာခဏပြောဆိုခဲ့ဖူးသည်။ အသံထက်ပိုမြန်သောလက်နက်များသည် ကမ္ဘာပေါရှိ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ကျော်ဖြတ်နိုင်သည်ဟုလည်း ၎င်းက အမွှန်းတင်ထားသည်။

ရုရှားထုတ် ဝေဟင်ပစ်ဒုံးကျည်များကို ပြသထားစဉ်(ဓါတ်ပုံ- Piotr Butowski)

ယူကရိန်းကို ရုရှားတပ်များစတင်ဝင်ရောက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ မက်ဗီဒက်ဗ်သည် လူမှုကွန်ယက်တွင် လေကျယ်သော ပို့စ်များကို မကြာခဏရေးတင်လေ့ရှိသူ ဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် အခြေအနေမကောင်းမှုကြောင့် စစ်ဘက်ဆိုင်ရာ အသာစီးရယူမှုအတွက် ရုရှားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုလာနိုင်သည်ဆိုသည့် အနေအထားက စိုးရိမ်မှုများကိုမြင့်တက်စေလျက် ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ပူတင်သည် နျူကလီးယားလက်နက်များကို အသုံးပြုလာနိုင်မည့် အဓိပ္ပာယ်မျိုးပေါ်အောင် ပြောခဲ့ဖူးသည်။ ရုရှားတွင်ရှိနေသော ခရုဇ်ဒုံးကျည်များနှင့် အသံထက်မြန်သော ဒုံးကျည်များက အမေရိကန်တွင်ရှိသောလက်နက်များထက် ပိုခေတ်မှီကာ ပိုအသုံးဝင်သည်ဟုလည်း ပူတင်က ပြောသည်။

Source:Bangkok Post