CNI International News

ဘေဂျင်း၊ ဇွန်လ ၁၆

ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးတို့အပေါ် အသိမှတ်ပြု ထောက်ခံကြောင်း ဇွန်လ ၁၅ ရက်တွင် တရုတ် သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တယ်လီဖုန်းကနေတဆင့် ကတိပြုခဲ့ကြောင်း အေအက်ဖ်ပီ သတင်း၌ တွေ့ရသည်။

ထိုသို့ ကတိပြုခြင်းကြောင့် ဝါရှင်တန်က ဘေဂျင်းကို သမိုင်း၏ မှားသည့်ဘက်ခြမ်း၌ ရပ်တည်မှုအတွက် အဆုံးသတ်နိုင်သည့် အန္တရာယ်ရှိသည်ဟု ဒေါသတကြီးဖြင့် သတိပေးခဲ့ကြောင်း အေအက်ဖ်ပီမှ ရေးသားထားသည်။

ယူကရိန်းအပေါ် မော်စကို၏ စစ်ရေး တိုက်ခိုက်မှုကို ရှုတ်ချရန် တရုတ်ငြင်းဆန်ခဲ့သလို သံတမန်ရေးရာအရ အကာအကွယ် ပေးသည်ဟု စွပ်စွဲခံရသည်။ ကျူးကျော်စစ် စတင်ပြီးနှင့် ရုရှားကို အနောက်အုပ်စုနိုင်ငံများက ပိတ်ဆို့အရေးယူခြင်းနှင့် ယူကရိန်းထံသို့ လက်နက် တင်ပို့ပေးခြင်းဖြင့် ထိုးနှက်ခဲ့သည်။

တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာနှင့် လုံခြုံရေးကဲ့သို့ အဓိက အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် အပြန်အလှန် ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ဗလာဒီမာပူတင်ကို ဆက်သွယ် ပြောကြားခဲ့သည်ဟု တရုတ် အစိုးရပိုင် CCTV သတင်းတွင် ဖော်ပြထားသည်။

ယခု ဆက်သွယ် ပြောကြားမှုသည် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ယူကရိန်းကို ရုရှား ကျူးကျော်ပြီး ကတည်းက တရုတ်နှင့်ရုရှား ခေါင်းဆောင်နှစ်ဦးအကြား ဒုတိယအကြိမ် ဆက်သွယ် ပြောကြားမှု ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ကမ္ဘာ့ မငြိမ်မသက်မှုများနှင့် အပြောင်းအလဲများကို ရင်ဆိုင်ရချိန်၌ မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်ပြီး အရှိန်အဟုန် ကောင်းနေခဲ့ကြောင်း ရှီကျင့်ဖျင်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်ဟု CCTV သတင်းအရ သိရသည်။

ယူကရိန်းစစ်ပွဲ 

ဘေဂျင်းသည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ရှီက ဆက်လက် ပြောကြားခဲ့ သည်။

အနောက်အုပ်စု၏ တရားမဝင်သည့် ပိတ်ဆို့ အရေးယူမှုများကို ရင်ဆိုင်ရသည့်အခါ မိမိတို့နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းမှု ပိုမို တိုးမြှင့်ကြရန် သဘောတူခဲ့ကြကြောင်း ရုရှား၏ ကရင်မလင် သမ္မတနန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

အနောက်နိုင်ငံများ၏ ဥပဒေမဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကြောင့် ပိုမိုရှုပ်ထွေးလာနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကို ထည့်စဉ်းစားကာ စွမ်းအင်၊ ဘဏ္ဍာ၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားကဏ္ဍများတွင် နှစ်နိုင်ငံ တိုးချဲ့ လုပ်ဆောင်သွားရန် သဘောတူ လက်ခံခဲ့ကြကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

သို့သော် မော်စကိုနှင့်ဘေဂျင်းတို့၏ ယခုကဲ့သို့ ထုတ်ဖော် ပြောကြားကြသည့် ဆက်ဆံရေးကို တင်းကျပ်စွာ တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က အလျင်အမြန် ဖိအားပေးလာခဲ့သည်။

“တရုတ်သည် ကြားနေဟု ဆိုသော်လည်း ၎င်း၏အပြုအမူမှာ ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးဖြင့် ရင်းနှီးမြှုပ်နှံနေဆဲ ဖြစ်ကြောင်း သိသာထင်ရှားသည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။

“ဗလာဒီမာပူတင်နဲ့ လက်တွဲတဲ့ နိုင်ငံတွေဟာ သမိုင်းရဲ့ မှားတဲ့ဘက်မှာ မလွဲမသွေ တွေ့ကြရလိမ့်မယ်” ဟု ၎င်းက သဘောထား မှတ်ချက်ပေးခဲ့သည်။

Source: AFP, Bangkok Post