CNI International News

ဒမတ်စကက်၊ ဇွန်လ ၁၆

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးကို ဇွန်လ ၁၆ ရက် နံနက် အစောပိုင်း စစ်ဆင်ရေးတစ်ခု အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့သည် ဂျီဟက်ဝါဒီ အဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် စီးနင်း တိုက်ခိုက်မှုများအား ဆီးရီးယား ပြည်တွင်း၌ လုပ်ဆောင်လျက်ရှိသည်။ အိုင်အက်စ် အပါအဝင် ဂျီဟက်ဝါဒီများသည် ပြီးခဲ့သည့် ၃ နှစ်က စစ်ရှုံးခဲ့သော်လည်း ဆက်လက်၍ လက်နက်ကိုင် တိုက်ခိုက်နေခဲ့ကြသည်။

“ဖမ်းဆီးထားသူမှာ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်နေရာရလာသူတစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းကို ဗုံးထုတ်လုပ်ခြင်းနှင့် လူသူ စုဆောင်းစည်းရုံးရေး ကျွမ်းကျင်သူဟု အကဲဖြတ်မိကြောင်း” ညွန့်ပေါင်းတပ်ဖွဲ့၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့နောက် ၎င်းကို ဖမ်းဆီးရမိသည့် စစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်မှုမရှိကြောင်း၊ ရဟတ်ယာဉ်များလည်း အပျက် အစီး မရှိကြောင်း သိရသည်။

ဇွန်လ ၁၆ ရက် (ယနေ့) နံနက်အစောပိုင်း စီးနင်းတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကို ဆီးရီးယားနိုင်ငံအတွင်း မည်သည့် နေရာ တွင် ပြုလုပ်ခဲ့ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့က အတိအကျ မပြောကြားပေ။

အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့

ညွန့်ပေါင်းတပ်ဖွဲ့သည် တူရကီနယ်စပ်၊ ဆီးရီးယားတောင်ပိုင်း အယ်လ်ဟူမိုင်ရာကျေးရွာတွင် ရဟတ်ယာဉ်ဖြင့် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဒေသအတွက် ယခု စီးနင်းခဲ့သည့် စစ်ဆင်ရေးမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း တူရကီ ကျောထောက် နောက်ခံပြု ဆီးရီးယားသူပုန်အုပ်စုက ဇွန်လ ၁၆ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ထိုစစ်ဆင်ရေးတွင် အမေရိကန်လုပ် ချီနော့ (Chinook) နှင့် အနက်ရောင်သိမ်းငှက် (Black Hawk) ရဟတ်ယာဉ်များ ပါဝင် သော်လည်း အခြေအနေ အသေးစိတ် မသိရသေးကြောင်း တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသားတပ် (SNA) မှ ပြောခွင့်ရသူ ဗိုလ်မှူးယူဆက်ဟာမွတ် (Youssef Hamound) က ပြောကြားခဲ့သည်။

“အခုဖြစ်စဉ်က (အမေရိကန်) ရဟတ်ယာဉ် ပထမဆုံး ဆင်းတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်” ဟု SNA ၏ ထိန်းချုပ်နယ်မြေများ ထဲ ရှိနေသူ ယူဆက်ဟာမွတ်က ရှင်းပြသည်။

စစ်ဆင်ရေးအတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း အဆိုပါနယ်မြေရှိ သူပုန်နှင့် အဆက်အသွယ် ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အမေရိကန် အထူးတပ်ဖွဲ့များသည် ဂျီဟတ်ဝါဒီ (HTS) အုပ်စုထိန်းချုပ်ထားသော ဆီးရီးယား နိုင်ငံ၊ အစ်ဒ်လစ် (idlib) ပြည်နယ်၌ စစ်သုံး ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ အိုင်အက်စ် အဖွဲ့ခေါင်းဆောင် အဘူ အီဘရာ ဟင်အယ်လ် ဟာရှီမီ အယ်လ်ကွာအီချီ သေဆုံးခဲ့ရသည်။

Source: Reuters