CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆


အားလုံးလက်ခံနိုင်သည့် စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့် ပြည်ထောင်စု ဖွဲ့စည်း ပုံပြင်ဆင်ရေးများကို ပါဝင်သင့်သူ အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရမှာဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။


ဇွန်လ ၁၅ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ALP ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။


ဒေါ်စောမြရာဇာလင်းက “နိုင်ငံရေး ဆွေးနွေး အဖြေရှာရာ၌ NCA လက်မှတ်ထိုးသူ၊ မထိုးသူဟု ခွဲခြားခြင်း မပြုဘဲ ပဋိပက္ခ မှာ ပါဝင်နေသူများ စုံလင်စွာ ဆွေးနွေးခြင်းဖြင့် အရေးကြီးတဲ့ နိုင်ငံရေးအဖြေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ မှန်ကန် တဲ့ စိတ်ဓာတ်ဖြင့် ကြိုးပမ်းပါက မအောင်မြင်စရာမရှိဟုလည်း ခံယူပါတယ်။ နိုင်ငံရေးဆွေးနွေးရာမှာ တဖွဲ့ချင်းစီရဲ့ ဆန္ဒကို လေးစားလျှက် အားလုံး လက်ခံနိုင်တဲ့ စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် အရေးကြီးတဲ့ ပြည်ထောင် စု ဖွဲ့စည်းပုံပြင်ဆင်ရေးများကို ပါဝင်သင့်သူ အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရမှာဖြစ်သလို ပြည်နယ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း အချိန်ကာလ တစ်ခုအတွင်း ပြီးဆုံးအောင် လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် ALP ကိုယ်စားလှယ် အဖွဲ့ကို တွေ့ရစဉ်


ထို့နောက် အရေးကြီးသော အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို အလျှင်အမြန် လုပ်ဆောင်ရန် အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အလွန် လုပ်ဆောင်ရန် ရည်မှန်းခဲ့ကြသည့် ပြည်ထောင်စု အစိတ်အပိုင်း (၃)ပါ အပိုင်း(၂) ဇယား(၁)ပါ အကြောင်းအရာများကို တဆင့်ချင်းစီ အကောင်အထည် ဖော် ရန် နည်းလမ်းများ ကြိုးပမ်းသင့်ကြောင်း ၎င်းက ပြောသည်။


ဒေါ်စောမြရာဇာလင်းက “ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုရှိပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝ ရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ကောင်းမွန်စွာ တဆင့်စီ အကောင်အထည်ဖော်ဆောင်ရန် ဆွေးနွေးအဖြေရှာဖို့ ရည်ရွယ်ပြီးတော့ ဆွေးနွေးပွဲကို တက်ရောက် လာခဲ့တာ လည်း ဖြစ်ပါ တယ်။ ယနေ့ နိုင်ငံရေး ဆွေးနွေးပွဲ ခေါ်လိုက်ခြင်းသည် မပြီးဆုံးနိုင်သေးတဲ့ ဆက်လက် လုပ်ဆောင်ရမည့် နိုင်ငံရေး ဆွေးနွေး ပွဲများ၏ ပထမခြေလှမ်းသာ ဖြစ်ပါတယ်”ဟု ပြောသည်။


ထို့နောက် ဇွန်လ ၁၅ ရက်နေ့ NSPNC နှင့် ALP ကြား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူ ညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များ စသည့် အခြေအနေများကို ဆွေးနွေး၍ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် NSPNC  ကိုယ်စားလှယ် အဖွဲ့ကို တွေ့ရစဉ်


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး(Bilateral) အပြင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။


ALP ကို ၁၉၆၇ ခုနှစ်တွင် ခိုင်မိုးလင်း ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေ စီ တပ်ပေါင်းစု(UNLD)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) စသည့် မဟာမိတ်များတွင် အဖွဲ့ဝင် အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

လက်ရှိတွင် ALP ကို ဦးခိုင်ရဲခိုင်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒေါ်စောမြရာဇာလင်းက ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ၍ ရခိုင်နိုင်ငံရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်


နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက် ထုတ်ပြန် ပြောကြားခဲ့သည်။


ထိုသို့ ဖိတ်ခေါ်ပြီးနောက် မေလ ၂၀ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်က နစကနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် PNLO ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် နေပြည်တော်ရောက်လာစဉ်

ထို့နောက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။


အလားတူ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)တို့လည်း မကြာခင် လာရောက် ဆွေးနွေးကြမည် ဖြစ်သည်။


သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ်မှုတွင် ဆွေးနွေးကျန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။