CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (ဇွန်လ ၁၂ ရက်) နေပြည်တော် ရောက်ရှိလာ ကြောင်း သိရသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်မှ နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် မနက်ဖြန် (ဇွန်လ ၁၃ ရက်)တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

ထိုသို့ ဆွေးနွေးပြီးပါက နောက်ရက်များတွင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

နစကသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များအား ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၇ ရက်နေ့အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း အသီးသီး တွေ့ ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။