CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းသွားခဲ့ပြီးနောက် လက်စတာအသင်း ပြန်လာမယ်လို့ အသင်း ဥက္ကဋ္ဌ အေရာဝတ်က ကတိပေးလိုက်ပါတယ်။

အေရာဝတ်က “တန်းဆင်းခြင်းက သိသာတဲ့ ဆုတ်ယုတ်မှုဆိုတာ ငြင်းလို့မရပေမယ့် ဒါကို ကျနော်တို့ အဓိပ္ပါယ် ဖွင့်ဆိုသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ တန်းဆင်းရတဲ့ နာကျင်မှုကို အတူမျှဝေ ခံစားကြရတာ ဖြစ်ပေမယ့် ကျနော်တို့ ပြန်လာမှာပါ။ ကျနော်တို့ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဘယ်တော့မှ မေ့လို့မရတဲ့ အတွေ့အကြုံ တွေကိုလည်း အတူမျှဝေ ခဲ့ကြရပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒီလိုဖြစ်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

အေရာဝတ်ရဲ့ မိသားစုဟာ လက်စတာအသင်းကို ၂၀၁၀ ကတည်းက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူ ဗီချိုင်း ကွယ်လွန်ပြီးနောက် ၂၀၁၈ မှာ အေရာဝတ်ဟာ အသင်းကို စပြီး ဦးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

လက်စတာအသင်းဟာ ဒီအချိန်တွေ အတွင်းမှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့တာပါ။

လက်စတာအသင်း ပိုင်ရှင်မိသားစုကို တွေ့ရစဉ်

လက်စတာအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဲဗာတန်အသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တာကြောင့် လာမယ့်နှစ်ရာသီ ချန်ပီယံရှစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လက်စတာအသင်းဟာ တိုင်လီမန်စ်၊ ဂျွန်နီအီဗန်စ်နဲ့ ဆိုယန်ကူတို့အပြင် အဓိက ကစားသမားအချို့ကို အခု လာမယ့် အပြောင်းအရွှေ့မှာ ဆုံးရှုံးရမှာဖြစ်လို့ နွေရာသီမှာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်ရဖို့ ရှိနေပါတယ်။

လက်စတာအသင်းကို ရောင်းဖို့အတွက် တောင်းဆိုတဲ့ ရိုင်းစိုင်းတဲ့ မက်ဆေ့ချ်တွေကိုလည်း ရရှိခဲ့တယ်လို့ အေရာဝတ်က ဖွင့်ဟခဲ့ပါတယ်။

အေရာဝတ်က “ကျနော်တို့ရဲ့ ပရိသတ်တွေဆီကနေ အကောင်းမြင်တဲ့ မက်ဆေ့ချ်တွေရော အဆိုးမြင်တဲ့ မက်ဆေ့ချ်တွေရော အမြောက်အများကို ရရှိခဲ့ပါတယ်။ တချို့က ကလပ်ကို ရောင်းချစေချင်ပြီး၊ တချို့က ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ရရှိခဲ့တဲ့ မက်ဆေ့ချ်အားလုံးက ကျနော့်ကို နာကျင် ရပါတယ်။ ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ပြန်လည်သင်ယူပြီး အသင်းကို ပြန်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း”ပြောခဲ့ပါတယ်။

Source: BBC