CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဗီဒစ်က အသင်းဟောင်းအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းထက် လူငယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ အကြံပြု ပြောသွားခဲ့ပါတယ်။

ဗီဒစ်က “ဟာရီကိန်းက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ခဲ့သလို ဂိုးတွေ အများကြီးလည်း သွင်းယူနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ တခြား ရွေးချယ်စရာတွေကို သွားရမှာပါ။ အသင်းမှာ နှစ်ပေါင်း များစွာကြာ တိုက်စစ်မှူးရှိမယ့် နည်းလမ်းရှိပါတယ်။ ကလပ်အနေနဲ့ နှစ်ပေါင်းများစွာအတွက် စဉ်းစားရမှာဖြစ်ပြီး ၂၃ ၊ ၂၄ နှစ်အရွယ် ကစားသမားတွေကို ရှာဖွေရမှာပါ။ သူတို့က ဒီမှာ ၇ နှစ်လောက်အထိ ဆက်ရှိမှာဖြစ်ပြီး အထူး သဖြင့် အသင်းရဲ့ နှလုံးသားထဲမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦးကို ဦးစားပေးခေါ်ယူမှာ ဖြစ်ပြီး စပါး တိုက်စစ်မှူး ဟာရီကိန်း၊ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်နဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်တို့ဟာ အသင်း ရဲ့ ရွေးချယ်စရာအဖြစ် ရှိနေပါတယ်။

ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့ပြီး လန်ဒန်ကလပ်ကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောနေပေမယ့် ကစားသမားရဲ့ အနာဂတ်ဟာ မသေချာမှုတွေ ရှိနေတာပါ။

ရီယိုဖာဒီနန် Presents Five မှာ ဗီဒစ်နဲ့ ရီယိုဖာဒီနန်တို့ဟာ အသင်းဟောင်းအနေနဲ့ လာမယ့်နှစ်တွေမှာ အသင်းရဲ့ ကျောရိုးကို ခိုင်ခံအောင် တည်ဆောက်ဖို့ အရေးကြီးကြောင်း ပြောခဲ့တဲ့အထဲမှာ တိုက်စစ်မှူးသစ်ကလည်း အဓိက အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 

ဟာရီကိန်းကို တွေ့ရစဉ်


ဒါအပြင် ဗီဒစ်က နောက်ထပ် ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့လည်း အသင်းဟောင်းကို ပြောခဲ့ပါသေးတယ်။

ဗီဒစ်က “ကလပ်အသင်း အနေနဲ့ နောက်ခံလူ ခေါ်ယူဖို့ကိုလည်း ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော် တို့မှာ ဒဏ်ရာရနေတဲ့ နောက်ခံလူတွေ ရှိနေလို့ပါ။ ဒါကြောင့်လည်း ဒီနှစ်ဦးကို စိန်ခေါ်နိုင်ဖို့အတွက် အမှန်တကယ် ငယ်ရွယ်တဲ့သူတစ်ဦး လိုအပ်တယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဒီရာသီ အဓိကဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီးနတ်ဇ်နဲ့ ဗာရန်းတို့ဟာ ဆီဗီလာ အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေ ရတာပါ။

လီဆန်ဒရိုမာတီးနတ်ဇ်ကတော့ ရာသီကုန်တဲ့အထိ ပါဝင်နိုင်မှာ မဟုတ်ဘဲ ဗာရန်းက အက်ဖ်အေဖလား ဗိုလ်လု ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Source: Metro