CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်ဟာ နံပါတ် ၉ တိုက်စစ်မှူးကို ခေါ်ယူချင်နေတာကြောင့် အသင်းဟာ အင်္ဂလန်နဲ့ စပါးအသင်းကြယ်ပွင့် ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေတာကြောင့် ယူနိုက်တက်အသင်းဟာ ကာလကြာရှည် ပစ်မှတ်ဖြစ်ခဲ့တဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ထပ်ပြီး ပြသလာခဲ့တာပါ။

စပါးအသင်း ဘက်ကတော့ ဟာရီကိန်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခြင်း ရှိ၊မရှိအပေါ်မှာ အများကြီး မူတည်နေပါတယ်။

စပါးအသင်း အနေနဲ့ ဟာရီကိန်းကို သက်တမ်း မတိုးနိုင်ဘူးဆိုရင် ၂၀၂၄ မှာ အလွတ်နဲ့ ဆုံးရှုံးနိုင်တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပါးအသင်းဟာ ဟာရီကိန်းကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၅ သန်း သတ်မှတ် ထားတာဖြစ်ပြီး ဒါပေမယ့် ပြည်တွင်း ပြိုင်ဘက်အသင်းတွေက ကမ်းလှမ်းလာခဲ့ရင် ဒီထက်ပိုပြီး ပြောင်းရွှေ့ကြေး ကို တိုးနိုင်ပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်

ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းအပြင် ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီး ထွက်သွားပြီးနောက် တိုက်စစ်မှူး အားဖြည့်ဖို့အတွက် စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

ဒါပေမယ့် ဟာရီကိန်းကတော့ ဂန္တဝင်အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံးဆိုတဲ့ စံချိန်ကို ချိုးဖျက် ချင်တာကြောင့် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉၈ ဂိုး သွင်းယူထားပြီး တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာဖြစ်ပြီး သူ့ရဲ့အထက်မှာ ဝိန်းရွန်နီက ၂၀၈ ဂိုးနဲ့ ဒုတိယ၊ အလန်ရှီးယားက ၂၆၀ ဂိုးနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာပါ။

အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေး ဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal