CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ သောကြာနေ့က ဖမ်းဆီးခံလိုက် ရပြီး နောက်မှာတော့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းက သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဒန်နီအဲလ်ဗတ်စ်ဟာ ဒီဇင်ဘာလ ၃၀ ရက်က ဘာစီလိုနာမှာရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ မဖွယ်မရာကို ထိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရတာပါ။

ဘာစီလိုနာ ကစားသမားဟောင်းက ဒါကို ငြင်းဆန်ထားပေမယ့် တရားသူကြီးရဲ့ ရှေ့မှောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပြီးနောက် မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ စာချူပ်သက်တမ်းရှိနေတဲ့ ဒန်နီအဲလ်ဗတ်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ချက်ချင်း ဖျက်သိမ်းခဲ့တာပါ။

 ဒန်နီအဲလ်ဗတ်စ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်

ပူးမတ်စ်အသင်းဥက္ကဋ္ဌ လီယိုပိုလ်ဒို ဆေးလ်ဗားက “ကလပ်အနေနဲ့ အသင်းအဖွဲ့မှာရှိတဲ့ ဘယ်သူပဲဖြစ်ပါစေ အသင်းရဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့တန်ဖိုးတွေကို ဆန့်ကျင်တဲ့ အရာတွေကို သည်းခံသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦးရဲ့ အပြုအမူကြောင့် ကျနော်တို့ရဲ့ အလုပ်အတွေးအခေါ်ပိုင်း ထိခိုက်ပျက်ဆီးမှာကို ခွင့်မပြုနိုင်ပါဘူး”လို့ ပြောခဲ့ပါ တယ်။

ဒန်နီအဲလ်ဗတ်စ်ဟာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ မက္ကဆီကိုကလပ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၃ ပွဲ ပါဝင်ကစားခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ကလောဆိုရာနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ဆန်းတို့စ်လာဂူနာကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲကစားခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာလည်း ပါဝင်ခဲ့တာပါ။

ဒေသခံ ရဲတပ်ဖွဲ့ကလည်း အသေးစိတ် အချက်အလက်တွေကို ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းဌာနတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: Goal/BBC