CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ဂျူဗင်တပ်စ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က ပြောလိုက်ပါတယ်။

စီးရီးအေကလပ်ဟာ အပြောင်းအရွှေ့တွေမှာ မှန်ကန်မှုမရှိတဲ့ အမြတ်တွေနဲ့ သူတို့ရဲ့ လက်ကျန်ရှင်းတမ်းတွေကို ပြုပြင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အခု အမှတ်လျှော့ခံရတာကြောင့် အဆင့် ၃ ကနေ အဆင့် ၁၀ အထိ ကျဆင်းသွား ခဲ့တာပါ။ကလပ်အသင်းဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီ၊ ဒုဥက္ကဋ္ဌဟောင်း နတ်ဗတ်တို့ အပါအဝင် ကလပ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့တွေဟာ နိုဝင်ဘာလက ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဘက်ကတော့ ဘာအမှားယွင်းကိုမှ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့သလို အခု ချမှတ်ခဲ့တဲ့ ပြစ်ဒဏ် ကို အယူခံဝင်သွားမယ်လို့ ပြောခဲ့တာပါ။

ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “အခုလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်းပြချက် ထုတ်ပြန်တာကို စောင့်မျှော် နေတယ်”လို့ ဖော်ပြခဲ့ပေမယ့် အီတလီအိုလံပစ်ကော်မတီရဲ့ အားကစားအာမခံဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။တရားလိုရှေ့နေတွေက ဂျူဗင်တပ်စ်အသင်းကို ၉ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့တာထက် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ပိတ်ပင်မှုက ပိုမိုပြင်းထန်ခဲ့တာပါ။

လက်ရှိစပါးအသင်းမှာ ဘောလုံးအကြီးအကဲရာထူးတာဝန်ယူထားတဲ့ ဂျူဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာဟောင်း ပါရာတီချီကို ဘောလုံးနဲ့ပတ်သက်ခွင့် လ ၃၀ ကြာပိတ်ပင်ခဲ့ပြီး၊ အက်ဂ်နယ်လီနဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အာရီဗာဘီနီကို ၂ နှစ် ပိတ်ပင်ခဲ့ပါတယ်။ဒါ့အပြင် လက်ရှိအားကစား ဒါရိုက်တာရာထူး ရယူထားတဲ့ ချီရူဘီနီ ကိုလည်း ၁၆ လ ပိတ်ပင်ခဲ့တာပါ။နတ်ဗတ်ကတော့ ၈ လ ပိတ်ပင်ခဲ့ပြီး လက်ရှိ အမှုဆောင်အရာရှိ ၁၁ ဦးကိုလည်း ပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အက်ဂ်နယ်လီရဲ့ သက်တမ်း ၁၃ နှစ်အတွင်းမှာ စီးရီးအေဖလား ၉ ကြိမ်ဆက် ရယူနိုင်ခဲ့ ပေမယ့် ပြီးခဲ့တဲ့ရာသီက အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကာ ယူရို ၂၅၄ သန်း အရှုံးပေါ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ ကလပ်လိုင်စင်နဲ့ ဘဏ္ဍာရေး မျှခြေစည်းမျဉ်းကို ချိုးဖောက်မှု ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေအတွက် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၀၆-၀၇ ရာသီတုန်းကလည်း လုပ်ပွဲအရှုပ်တော်ပုံကြောင့် ကနဦး ရမှတ် ၃၀ လျော့နဲ့ စီးရီးဘီကို တန်းဆင်းခဲ့ရတာဖြစ်ပြီး တစ်နှစ်အကြာမှာပဲ ချန်ပီယံအဖြစ်နဲ့ တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ တနင်္ဂနွေနေ့မှာတော့ စီးရီးအေပွဲစဉ်အဖြစ် အတ္တလန္တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC