CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကလပ်အသင်း ၂၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်မှ အသင်း ၁၁ သင်းအထိ စံချိန်တင် ပါဝင်နေပါတယ်။

Deloitte က ၂၀၂၁-၂၂ ရာသီက ကိန်းဂဏန်းတွေကို အခြေခံပြီးတော့ စာရင်းကို ပြုစုခဲ့တာဖြစ်ပြီး စစ်တမ်း ကောက်ယူမှုရဲ့ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်တစ်ခုတည်းက အသင်း ၁၁ အသင်းက ဒီစာရင်းထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

ဝင်ငွေ အကောင်းဆုံး ကလပ်အဖြစ် မန်စီတီးအသင်းက နှစ်နှစ်ဆက်တိုက် ရပ်တည်နေပြီး လက်ရှိ ပရီးမီးယား လိဂ် ချန်ပီယံဖြစ်ရာ ပြီးခဲ့တဲ့ရာသီမှာ ဝင်ငွေယူရို ၇၃၁ သန်း ရှိခဲ့ပါတယ်။

ဒုတိယနေရာမှာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် ရှိနေပြီး စပိန်အင်အားကြီး အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ ယူရို ၇၁၃ ဒသမ ၈ သန်း ရရှိခဲ့ပါတယ်။ တတိယနေရာမှာ လီဗာပူးလ်အသင်းက ရှိနေပါတယ်။

ကြိုးကြာနီတို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဒီစာရင်းရဲ့ အဆင့် ၇ နေရာသာ ရှိခဲ့ပေမယ့် ဝင်ငွေ ၇၀၁ ဒသမ ၁ သန်း ရရှိခဲ့ တာကြောင့် တတိယနေရာအထိ ရောက်ရှိလာခဲ့တာပါ။

လီဗာလ်ပူးအသင်းက ဆာလတ်စ်ကိုတွေ့ရစဉ်

ဒါကြောင့် လီဗာပူးလ်ဟာ သူတို့ရဲ့ အစဉ်အလာ ပြိုင်ဘက် မန်ယူအသင်းကိုလည်း ပထမဆုံးအကြိမ် ကျော်တက် နိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီအဆင့်ရဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး အဆင့် ၅ နေရာမှာတော့ ပြင်သစ် ချန်ပီ ယံ ပီအက်စ်ဂျီအသင်းက ရပ်တည်နေပါတယ်။

ကွင်းဝင်ကြေး မြင့်တက်လာမှုကြောင့် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ဒီစာရင်းရဲ့ အဆင့် ၁၀ နေရာမှာရှိနေပြီး သူ့အထက်မှာ မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါး အသင်းတို့က အဆင့် ၈ နဲ့ ၉ အဖြစ် အသီးသီး ရပ်တည်နေပါတယ်။

နယူးကာဆယ်အသင်းကိုတွေ့ရစဉ်

နောက်ထပ် စပိန်အင်အားကြီး ကလပ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ရပ်တည်ချက်ကတော့ ပြုတ်ကျသွား ခဲ့ပြီး မနှစ်က အဆင့် ၄ နေရာမှာ ရှိခဲ့ပေမယ့် ဒီနှစ် ထုတ်ပြန်ချက်မှာတော့ အဆင့် ၇ ကို ရောက်ရှိနေခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာရဲ့ အထက်အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

အဆင့် ၁၀ ကနေ ၂၀ အတွင်းမှာ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဒေါ့မွန်၊ အင်တာမီလန်၊ ဝက်စ်ဟမ်း၊ အေစီမီ လန်၊ လက်စတာ၊ လိဒ်ယူနိုက်တက်၊ အဲဗာတန်နဲ့ နယူးကာဆယ် အသင်းတွေက အသီးသီး ရပ်တည်နေပြီး ပြီးခဲ့တဲ့ ရာသီမှာ ဒီအသင်း ၂၀ ဟာ စုစုပေါင်း ယူရို ၉ ဒသမ ၂ ဘီလီယံဝင်ငွေ ရရှိခဲ့ပါတယ်။

၂၀၂၂-၂၁ ရာသီနဲ့ယှဉ်လျှင် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဝင်ငွေ မြင့်တက်လာခြင်း ဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ ထိန်းချုပ်ကန့်သတ်မှု များအပြီး ပရိတ်သတ်တွေ ကွင်းထဲ ပြန်လည် ဝင်ရောက်ခွင့် ရရှိ လာခြင်းကြောင့်ဖြစ်ပြီး ကွင်းဝင်ကြေးဟာလည်း ၂၀၂၀-၂၁ ရာသီရဲ့ ယူရို ၁၁ သန်းနဲ့ယှဉ်ရင် ၂၀၂၁-၂၂ မှာ ယူရို ၁ ဒသမ ၄ ဘီလီယံအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Source: BBC/ Goal