CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်လာမယ့် တိုက်စစ်မှူး ဟာရီကိန်း အနေနဲ့ စပါးအသင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်တယ်လို့ အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောခဲ့ပါတယ်။

လီဗိုင်းက “ဟာရီကိန်းဟာ စပါးအသင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ပါတယ်။ ဒါပေမယ့် အသင်းဂန္တဝင် ဖြစ်ဖို့ ကလည်း အရေးကြီးပါတယ်။ သူဟာ စပါးအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တယ်ဆိုတဲ့ အချက်က လည်း သမိုင်းတွင်သွားပါပြီ။ ကျနော်တို့ရဲ့ အားကစားကွင်း အပြင်ဘက်မှာ ဟာရီကိန်းရဲ့ ရုပ်တုကိုလည်း တစ်နေ့ နေ့မှာ ထားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ the Cambridge Union နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းအတွက် ၂၇၃ ဂိုး သွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို တစ်ဦးချင်း ဆုတံဆိပ် အများအပြားကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

ဟာရီကိန်းနဲ့ လီဗိုင်းကိုတွေ့ရစဉ်

ဒါပေမယ့် ဟာရီကိန်းဟာ ကစားသမားဘဝမှာ ဆုဖလားတစ်ခုမှ ကိုင်မြှောက်နိုင်ခြင်း မရှိသေးပါဘူး။ ဟာရီကိန်း ဟာ ၂၀၂၁ က မန်စီးတီး အသင်းထံ ပြောင်းဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ မဖြစ်ခဲ့လို့ စပါးအသင်း မှာသာ ဆက်ပြီးရှိခဲ့တာပါ။

အခုအချိန်မှာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ဟာရီကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးအသင်း ဘက်ကတော့ ယူနိုက်တက်အသင်းရဲ့ ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချဖို့ စီစဉ်ထား တယ်လို့လည်း သိရပါတယ်။ ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းအပြင် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး လန်ဒန်ကလပ်က သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: Metro